|
အသက်
(၁၅)နှစ်သာရှိသေးသည့်သားအား စစ်တပ်အတွင်းဝင်ရောက်သွားသည်ကို သိရှိ၍
စစ်သားစုဆောင်းရေးတပ်သို့ သွားရောက်တွေ့ဆုံရာ တွေ့ခွင့်မပေး၍ မိဘများက
စိတ်ပူပန် လျှက်ရှိသည်။
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ရေဂလုပ်ကျေးရွာတွင်နေထိုင်သူ
မောင်ဝင်းကိုကိုသည် သတ္တမတန်းရှုံးနိမ့်၍ အိမ်မဲမြို့ရှိ
စစ်သားစုဆောင်းရေးတပ်သို့ ပြီးခဲ့သည့်လကုန်က ၀င်ရောက်
သွားခဲ့ခြင်းဖြစ်သည်။
“သူ့ဘကြီး
ဦးပေါ်လွင်နဲ့အတူတူနေတာ။ စာမေးပွဲရှုံးလို့ကျောင်းပြန်တက်ဖို့
ဖျောင်းဖျတာ မရဘူး။ အိမ်မဲက စုဆောင်းရေးတပ်ထဲ ၀င်သွားတာသိလို့
လိုက်မေးတော့ (၃၁) ရက်နေ့က မင်္ဂလာဒုံစုဆောင်းရေးကို ပို့လိုက်ပြီဆိုလို့
ထပ်လိုက်သွားတာ၊ စစ်သားအဖြစ် လက်ခံထားပြီဖြစ် လို့ တွေ့ခွင့်မပေးဘူး”ဟု
မိသားစုနှင့်နီးစပ်သူတဦးက ဆိုသည်။
ထို့အပြင်
မောင်ဝင်းကိုကိုသည် လွန်ခဲ့သည့်နှစ်က စာမေးပွဲရှုံးနိမ့်၍ ကျောင်းမှ
ခေတ္တ ထွက်ထား သူဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတဦးဖြစ်၍
မိဘများရင်ခွင်သို့ ပြန်လည်အပ်နှံကာ ကျောင်း ပြန်တက်ခွင့်ပြုရန်
ကျောင်းကုန်းအောက်ပိုင်း (အလက)ကျောင်းအုပ်ကြီး၏ သက်ဆိုင်ရာသို့
အကြောင်းကြားစာကိုပါ ပေးခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရကဖွဲ့စည်းထားသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား
စစ်မှုထမ်း ခြင်းမှ ကာကွယ်ထိန်းသိမ်းရေးကော်မတီက နိုင်ငံတကာ
သံရုံးတာဝန်ရှိသူများနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများအား ယခုလ
(၇)ရက်နေ့တွင် တပ်မတော်ဧည့်ဂေဟာတွင် တွေ့ဆုံ၍
ရှင်းလင်းပွဲတခုပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် ဥက္ကဌ ဒုတိယဗိုလ်ချူပ်ကြီးသိန်းစိန်က
အသက်မပြည့်သူ၊ အရည်အချင်း မပြည့်သူများကို လက်နက်ကိုင်တပ်ဖွဲ့တွင်
လက်ခံခြင်းမပြုဘဲ ပြန်လည်စေလွတ်ခဲ့ရာ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း
(၅၆၇) ဦးကို ပြန်လည်စေလွတ်ပြီးကြောင်း၊ သက်ဆိုင်ရာဌာနများ သို့လည်း
ကလေးသူငယ်များအား အဓမ္မစုဆောင်းခြင်းမပြုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း
သံတမန်များအား ရှင်းလင်းခဲ့သည်။
ယခုအခါ
မောင်ဝင်းကိုကို၏ မိဘများအနေဖြင့် သားဖြစ်သူအား စစ်တပ်မှထုတ်ယူကာ
ကျောင်း ပြန်လည်နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာသို့
ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သော်လည်း တွေ့ခွင့်မပေးသဖြင့်
စိုးရိမ်ပူပန်လျှက်ရှိသည်။
မြန်မာနိုင်ငံသည် ကလေးစစ်သားစုဆောင်းမှုများကို အဓမ္မပြုလုပ်၍
စစ်မှုထမ်းခိုင်းစေနေသည် ဟု နိုင်ငံတကာနှင့် ကုလသမဂ္ဂမှ
ထောက်ပြပြောဆိုနေသော်လည်း ယခုကဲ့သို့ အရွယ်မရောက် သေးသူများကို
စစ်သားအဖြစ် အဓမ္မစုဆောင်းမှုများ နိုင်ငံနှင့်အ၀ှမ်း
ဖြစ်ပေါ်လျှက်ရှိသည်။ |