|
စစ်အစိုးရခေါင်းဆောင်ပိုင်းက ယခုလအတွင်း စစ်တပ်တွင်
တာဝန်ထမ်းဆောင်နေသော ပြန်တမ်းဝင်အရာရှိ (၈၀၀)ခန့်ကို
တပ်မှအနားပေးလိုက်သည်။
ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် စစ်ခေါင်းဆောင်များက ယခုနှစ်၏ ပထမ
(၄)လပတ် အစည်း အဝေးတွင် စစ်တပ်တွင်းမှ အရည်အချင်းမပြည့်မှီသူ
အရာရှိများအား ထုတ်ပယ်ပစ်ရန် ညွှန်ကြား ခဲ့သည့်သတင်း ထွက်ပေါ်လာပြီးနောက်
ယခုပထမဆုံးအကြိမ် ရာနှင့်ချီသော အရာရှိများကို
ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
မဆလနှင့်
န၀တခေတ်တလျှောက် စစ်ဘက်ဆိုင်ရာအရာရှိများ အရပ်ဖက်သို့
ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သော်လည်း ယခုကဲ့သို့ အရာရှိ
(၈၀၀)နီးပါးကို ထုတ်ပယ်လိုက်သည့်အတွက် စစ်တပ် အတွင်း အကြီးအကျယ်
တုန်လှုပ်သွားစေခဲ့သည်။
“စစ်တပ်ထဲမှာ ကျနော်သိသလောက်တော့ အရာရှိတွေများပြီး တပ်သားကနည်းနေတယ်။
ဗိုလ် တထောင်တပ် ဖြစ်နေတာကြာပြီ၊ အဲ့တော့ သူတို့ထဲမှာ
အရာရှိတွေပုံလာပြီးတော့ အချင်းချင်း ကြားမှာ လုပ်ပိုင်ခွင့်ပြဿနာတွေ၊
စီမံခန့်ခွဲမှုပြဿနာတွေ ဖြစ်လာတယ်၊ အုပ်ချုပ်ရေးကလည်း
ပြုပြင်ပြောင်းလဲရေးလုပ်ရတော့မှာဆိုတော့ ခုထဲက ဝေလေလေ တပ်မှူးတွေ၊
ပိုနေတဲ့တပ်မှူး တွေ အရပ်ဖက်ကို အချိန်မှီပြောင်းဖို့ ထုတ်တယ်လို့ပဲ
ယူဆတယ်”ဟု စစ်ဘက်ဆိုင်ရာ လေ့လာသူ ဦးဌေးအောင်ကဆိုသည်။
ယခုအနားပေးလိုက်သည့် အရာရှိများမှာ ဒု-ဗိုလ်မှူးကြီးအဆင့်မှ
ဗိုလ်ကြီးအဆင့်အထိ ပါဝင်ပြီး အရပ်ဖက် ၀န်ကြီးဌာနများဖြစ်သော စက်မှု
(၁)နှင့် (၂)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊
နယ်စပ်ဒေသတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထဲရေး၊ ပို့ဆောင်ရေး
အစရှိသည့် ၀န်ကြီး ဌာနများသို့ ပြောင်းရွှေ့ နေရာချထားခြင်းဖြစ်သည်ဟု
၎င်းက ဆက်လက်ပြောဆိုသည်။
၂၀၀၆
ဒီဇင်ဘာလအတွင်းကလည်း ရာနှင့်ချီ၍ ဖမ်းဆီးခံခဲ့ရသည့်
အကောက်ခွန်ဦးစီးဌာန အရာရှိများ၏ နေရာတွင် အစားထိုးရန်အတွက် စစ်အစိုးရက
အရာရှိ (၃၀၀)ခန့်ကို စစ်ဘက်မှ အကောက်ခွန်ဌာနသို့
ရုတ်တရက်ပြောင်းရွှေ့လိုက်သည်။
နအဖစစ်တပ်အတွင်း သွေးသစ်လောင်းရန် အချိန်ကြာမြင့်စဉ်ကတည်းက
သတင်းများထွက်ပေါ် နေသော်လည်း အသက်အရွယ်ကြီးရင့်သည့်
ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် စစ်တပ် တွင်း
ဆက်လက်ထိန်းချုပ်ထားရန် ရည်ရွယ်ထားပြီး အောက်ခြေအဆင့်များကိုသာ
ယခုကဲ့သို့ ပြောင်းရွှေ့နေရာချထားခြင်းဖြစ်သည်။
“နောက်တခုက
စစ်တပ်ထဲမှာ Defense Service Academy (DSA)နဲ့ Officer Training
School (OTS) ကျောင်းဆင်းတွေကြားမှာက ပြဿနာတက်နေတာကြာပြီ။
ပြိုကွဲမှုတွေ ဖြစ် နေတယ်၊ တနှစ်တနှစ်ကို အရာရှိ (၃,၀၀၀) လောက်
သင်တန်းဆင်းနေတော့ ဒီပြဿနာက ပိုကြီးလာတယ်”ဟု ဦးဌေးအောင်က ပြောသည်။
စစ်အစိုးရအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အမျိုးသားညီလာခံကို အဆုံးသတ်၍
၂၀၀၈ ခုနှစ် အတွင်း ရွေးကောက်ပွဲကျင်းပကာ အစိုးရသစ်ဖွဲ့စည်းမည်ဟု
ပြောကြားနေပြီး အရပ်ဖက် အုပ်ချုပ်ရေးဌာနများ
ပြောင်းလဲမှုများလုပ်နေခြင်းကြောင့် ယခုကဲ့သို့ စစ်ဖက်အရာရှိ
အများအပြားအား အရပ်ဖက်သို့ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်ဟု အချို့က
သုံးသပ်ကြသည်။ |