
(KNU)က
ထုတ်ပယ်ခံခဲ့ရသည့် တပ်မဟာ(၇) တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ်
ထိန်မောင်နှင့်အဖွဲ့ကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊
ထို့ကော်ကိုးကျေး ရွာတွင် စစ်အစိုးရက ယမန်နေ့ နံနက် (၉)နာရီက အခမ်းအနား
ဖြင့် ကြိုဆိုခဲ့သည်။
‘ကရင့်အမျိုးသားအစည်းအရုံး(KNU)၊ ကရင့်အမျိုးသားလွတ်မြောက်ရေး
တပ်မတော်(KNLA) ငြိမ်းချမ်းရေး ကောင်စီ၏ ငြိမ်းချမ်းရေးအောင်ပွဲ
ကြိုဆိုသည့်အခမ်းအနား’ဟု အမည်ပေးထားသည့် အဆိုပါ အခမ်းအနား သို့
နအဖစစ်အစိုးရဘက်မှ စစ်ဖက်ဆိုင်ရာလုံခြုံရေး အရာရှိချုပ်
ဗိုလ်ချုပ်ရဲမြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်မှူးချုပ်သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဗိုလ်မှူးချုပ်ထိန်မောင်က ယခုကဲ့သို့ ပြုလုပ်ခြင်းသည် (KNU)
နှင့် (KNLA)၏ သမိုင်းကြောင်းကို နိုင်ငံတော်ရဲ့
သမိုင်းရေးလိုအပ်ချက်နဲ့ ပေါင်းစပ်လိုက်ခြင်းဖြစ်ပြီး လက်တွေ့ ကျသည့်
ကရင်အမျိုးသားလှုပ်ရှားမှုနှင့် ကရင့်အမျိုးသားခေါင်းဆောင်ကြီး စောဘဦး၊
ဗိုလ်ချုပ်ကြီး စောဘိုမြတို့၏ လမ်းစဉ်ကို လက်တွေ့ကျကျ အကောင်အထည်
ဖော်လိုက်နိုင်သည့် အတွက် ဂုဏ်ယူသည်ဟု သတင်းများတွင် ဖော်ပြသည်။
“အဲ့ဒါက
စစ်အစိုးရထောက်လှမ်းရေးတွေ ပြောခိုင်းတဲ့ စကားတွေဗျ၊
သူ့ကိုယ်ပိုင်ဘာသာစကား မဟုတ်ဘူး၊ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်။
စောဘဦးကြီးလမ်းစဉ်လည်း မဟုတ်ဘူး၊ ဗိုလ်ချုပ်မြ လမ်းစဉ်လည်းမဟုတ်ဘူး။
ဗိုလ်ချုပ်မြတို့၊ စောဘဦးကြီးတို့လမ်းစဉ်က (The surrender is out of
question) ဗျ၊ နောက်ပြီးတော့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ခွဲတဲ့
လမ်းစဉ်မဟုတ်ဘူး။ သူက အမျိုးသားစည်းလုံးညီညွတ်မှုကို
ခွဲတဲ့လမ်းစဉ်ဖြစ်နေတယ်၊ အညံ့ခံ တဲ့ လမ်းစဉ် ဖြစ်နေတယ်။
စောဘဦးကြီးတို့၊ ဗိုလ်ချုပ်မြတို့လမ်းစဉ်နဲ့ လုံးဝ ဖီလာဆန့်ကျင်
ဖြစ်နေတယ်”ဟု (KNU)အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်က ဆိုသည်။
မြန်မာ့အသံသတင်းနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှနေ၍
ယမန်နေ့ညထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်ထိန်မောင်နှင့် အတူ (KNLA) အင်အား
၃၀၀ ရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများပါဝင်ပြီး ကရင်လူထုက ကြိုဆိုသည့်
အခမ်းအနားအစီအစဉ်များကိုလည်း ရိုက်ကူးဖော်ပြသွားခဲ့သည်။
“သူနဲ့ပါသွားတာ အားလုံး ၃၃ ယောက် အတိအကျပဲ။ ကျန်တဲ့ဟာတွေက
သူ့မိသားစုတွေ၊ နီးစပ်ရာလူထုတွေ ဆွဲခေါ်သွားတာ။ ၇၀ ကျော်လို့ ပြောတယ်၊
ပြောမယ်ဆိုရင် သူနဲ့အတူ ယူနီဖောင်းဝတ်ပြီးတော့ ထိုင်နေတာ
မတ်တပ်ရပ်နေတဲ့ လူတွေက ကျနော်တို့ (KNLA)က လူတွေမဟုတ်ဘူး။
ကျန်တဲ့ဟာတွေက သူတို့ရဲ့ယူနီဖောင်းကို ကျန်တဲ့အရပ်သားတွေကို
ဒီကေဘီအေကနေ ၀တ်ပေးထားတာ။ ကျနော် ကြားရသလောက်ဆိုရင် ဒီကေဘီအေ ၂၀၀
နီးပါးလောက်က ယူနီဖောင်းကို ၀တ်ပေးထားတယ်လို့ သိရတယ်”ဟု ဖဒိုမန်းရှာက
ဆိုသည်။
ဖေဖော်ဝါရီလ
(၁၁)ရက်နေ့သည် ကရင်အမျိုးသားနေ့ဖြစ်ပြီး နအဖစစ်အစိုးရမှနေ၍ ယခုကဲ့သို့
အခမ်းအနားပြုလုပ်ရန် ကြိုတင်ပြင်ဆင်နေသည်ဆိုသည့် သတင်းများလည်း
မကြာမီရက်ပိုင်း အတွင်းက ထွက်ပေါ်နေခဲ့သည်။
“ဒါက
လုပ်ကြံမှုတွေပဲဗျ။ အခုကြံ့ဖွံ့တွေလုပ်တဲ့ လူထုစည်းဝေးပွဲကြီးဆိုတဲ့
ဥစ္စာမျိုးတွေ လျှောက်လုပ်တာ။ အခု ဒီလုပ်ကြံမှုမတိုင်ခင် အရင်တခါ
ဗိုလ်ချုပ်မြကို ရန်ကုန်ခေါ်ပြီးတော့ ဆေးကုဖို့ နအဖထောက်လှမ်းရေးတွေက
လုပ်ကြံမှုကြီးတခု လုပ်ခဲ့ပြီးပြီ။ ဗိုလ်ချုပ်မြက လက်မခံ တော့
လုပ်ကြံမှုက အရှက်တကွဲအကျိုးနည်းဖြစ်ပြီးတော့ ပျက်စီးကုန်တယ်၊
ဒီတကြိမ်လည်း လုပ်ကြံမှုပဲ။ ဗိုလ်ထိန်မောင်လုပ်သွားတဲ့ အလုပ်ဟာ (KNU)တခုလုံး
လုပ်သလိုလို၊ (KNLA) သဘောထားလိုလို၊ ကရင်သဘောထားလိုလို
လျှောက်ပြောနေတာ။ ဒါ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ်”ဟု ဖဒိုမန်းရှာက
ဆိုသည်။
စစ်အစိုးရအနေဖြင့် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေသည့်
တိုင်းရင်းသားထဲတွင် ကရင်အမျိုးသား တခုတည်းသာ ကျန်တော့၍
ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရသွားပြီဟု ၄င်းတို့က ၀ါဒ
ဖြန့်လိုကြောင်း၊ သို့သော် သူတို့ မျှော်မှန်းသလိုမဖြစ်ဘဲ နအဖနှင့်
ဗိုလ်ချုပ်ထိန်မောင်အဖွဲ့ပင် ယခုကိစ္စနှင့်ပတ်သက်၍ အချင်းချင်း
မပြေလည်မှုတွေရှိနေပြီဟု ၄င်းက ဆက်လက် ပြောဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့နှင့်
ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်ဟုဆိုကာ အချို့သော အဖွဲ့များနှင့်
အပစ်ခတ်ရပ်စဲစဉ်က သဘောတူညီချက်များကို စစ်အစိုးရအနေဖြင့် ချိုးဖောက်ခဲ့
သည့်အတွက် နှစ်ဖက်အကြား မကြာခဏ မပြေလည်မှုများရှိခဲ့သည့်အပြင်
ကျင်းပနေသည့် အမျိုးသားညီလာခံတွင် အပစ်ခတ်ရပ်စဲထားသော
တိုင်းရင်းသားအဖွဲ့များ၏ တောင်းဆိုချက် များကိုလည်း လိုက်လျှောခဲ့ခြင်း
မရှိပေ။
“ဗိုလ်ထိန်မောင်အလိုကိုလည်း နအဖက မဖြည့်နိုင်ဘူး။ နအဖအလိုကိုလည်း
ဗိုလ်ထိန်မောင် မဖြည့်နိုင်ဘူး။ ဒါ ဒုတိယအကြိမ် လုပ်ကြံမှုကြီးပဲ၊
ခုလိုဖြစ်တော့ ပြောမယ်ဆိုရင် အဖျားရှူးသွား တာပေါ့ဗျာ။
သူတို့လိုချင်သလို လုပ်လို့မရဘူး။ အမှန်ကတော့ တိုင်းပြည်ကို
လိမ်ညာလို့တော့ ဘယ်ရမလဲဗျာ”ဟု ဖဒိုမန်းရှာက ဆိုသည်။ |