|
ယနေ့ကျရောက်သော မြန်မာနိုင်ငံကလေးများနေ့ကို
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် Social Action For Women (SAW) အဖွဲ့က
ဖွင့်လှစ်ထားသည့် အလယ်တန်းကျောင်းတွင် ပြုလုပ် ခဲ့သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားသည့်
ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ကို အစွဲပြု၍ မြန်မာနိုင်ငံကလေးများနေ့ကို
သတ်မှတ်ခဲ့ရာ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲ များကို
နှစ်စဉ်ပြုလုပ်ခဲ့ကြသည်။
“အဓိကကတော့
ကလေးတွေအနေနဲ့က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုသိအောင်
နောက်တခါ ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်ဓါတ်တွေ၊ အတွေးအခေါ်တွေကို
အတုယူနိုင်အောင် အဲ့ဒီလိုရည်ရွယ်ချက်နဲ့ အဓိကထားလုပ်တာ”ဟု (SAW)
အဖွဲ့ဒါရိုက်တာ ဒေါ်အေးအေးမာက ဆိုသည်။
(SAW)အဖွဲ့က
ဦးစီးကျင်းပသည့် ယနေ့ကလေးများနေ့ အစီအစဉ်တွင် ၂၀၀၅ -၂၀၀၆
ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအပါအ၀င် ပန်းချီနှင့်
‘ပြည်ထောင်စုနေ့ တို့မမေ့’၊ ‘တို့ဗိုလ်ချုပ်ကို
တို့ချစ်သည်’ခေါင်းစဉ်များဖြင့် စာစီစာကုံးပြိုင်ပွဲများကိုလည်း
ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ (SAW) အလယ်တန်းကျောင်းမှ ကျောင်းသား ၂၀၀ နှင့်
ဖိတ်ကြား ထားသည့် ဧည့်သည်များအပါအ၀င် စုစုပေါင်းအင်အား ၂၅၀
ခန့်တက်ရောက်ခဲ့ပြီး နေ့လည် ၂ နာရီခွဲတွင် အခမ်းအနားကို
ရုတ်သိမ်းခဲ့သည်။ |