Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

     ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့် လူတိုင်းမှာရှိကြောင်း
၈၈ ကျောင်းသား ခေါင်းဆောင်တဦးပြော

ဗထူး။ ဖေဖော်ဝါရီ ၂၄၊ ၂၀၀၇

 

လူတိုင်းသည် မွေးရာပါအခွင့်အရေးများအတိုင်း ဆန္ဒ ဖော်ထုတ်ခွင့်ရှိပြီး အဆိုပါအခွင့်အရေးများကို လေးစားလိုက်နာရမည့်တာဝန်သည် အုပ်စိုးသူများ၏ တာဝန်သာဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ပြောဆိုလိုက်သည်။ 

ပြီးခဲ့သည့် ၂၂ ရက်နေ့က ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့် မိမိတို့၏ခံစားချက်များကို ပိုစတာများ ကိုင်ဆောင်ကာ အေးချမ်းစွာဆန္ဒပြခဲ့သည့် ပြည်သူ အချို့အား စစ်အစိုးရက ဖမ်းဆီးခံခဲ့ပြီးနောက် ယခု ကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်နေခြင်း၊ လျှပ်စစ်မီး မရရှိခြင်း၊ ကလေးငယ်များ ကျောင်းမနေရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လျစ်လျူရှုခံထားရခြင်း စသည့် အချက်(၁၇)ချက်ပါ ပိုစတာများကိုင်ဆောင်ထားသည့် ပြည်သူများက ဆန္ဒပြခဲ့ခြင်းကို စစ်အစိုးရပိုင်သတင်းစာများက တည်ဆဲဥပဒေကို ချိုးဖောက်သည့်အတွက် အရေးယူခံရနိုင် သည်ဟု ဖော်ပြခဲ့သည်။ 

နိုင်ငံတော်အားဆန့်ကျင်ရန် အဖွဲ့ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး တွင် ပါဝင်ခြင်း၊ လူအများစုဝေးရာ လမ်းမပေါ်တွင် စီတန်းလှည့်လည် ကြွေးကြော်သောင်းကျန်း ခြင်းတို့သည် ရုန်းရင်းဆန်ခတ်မှုကို ကျူးလွန်ရာရောက်သဖြင့် အရေးယူနိုင်ဖွယ်ရှိသည်ဟု သတင်းကဆိုသည်။  

“ဘာနိုင်ငံရေးတောင်းဆိုချက်မှလည်း မပါဘူး။ သူတို့ကို ဖြုတ်ချတာလဲမပါဘူး။ သူတို့ကို ကျန်းမာပါစေ၊ ချမ်းသာပါစေတောင် ပြောထားသေးတာပဲဗျာ။ အဲဒါ ဟိုမှာကျတော့၊ ဗြိတိသျှ သံရုံးတို့၊ အမေရိကန်သံရုံးတို့ရှေ့မှာကျတော့ တမျိုး၊ ဒီမှာကျတော့တမျိုးဆိုတာကတော့ သိပ် အဓိပ္ပါယ်မရှိဘူး။ ဒါ ဒီမိုကရေစီနိုင်ငံကို ဖော်ဆောင်မဲ့ အရိပ်အယောင်မတွေ့ရဘူး”ဟု ကိုဂျင်မီက ဆိုသည်။  

စစ်အစိုးရကပြောဆိုနေသည့် တည်ဆဲဥပဒေဆိုသည်မှာ လိုရင်လိုသလို အသုံးပြုနေခြင်းဖြစ်ပြီး အမိန့်နှင့် အာဏာတည်ရမည်ဆိုသည့်အတွက် ရှင်းလင်းစွာ သိနိုင်ပြီး လူပုဂ္ဂိုလ်တဦး သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းတခုက အမိန့်ကို ထုတ်ချင်သလိုထုတ်ပြီး အဆိုပါအမိန့်ကို ဥပဒေဟု ပြောဆိုနေခြင်းသာဖြစ်သည်ဟု ကိုဂျင်မီက ဆက်လက်ပြောဆိုသည်။  

စစ်အစိုးရမှနေ၍ ယခုလဆန်းပိုင်းက အမေရိကန်နှင့် ဗြိတိန်သံရုံးများရှေ့တွင် စီးပွားရေးပိတ်ဆို့ မှုနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးတင်သွင်းခဲ့သည့်အတွက်ဆိုကာ ကန့်ကွက်ဆန္ဒပြခဲ့သည့် လူစုအား အနောက်နိုင်ငံများ၏လုပ်ရပ်များအပေါ် မကျေနပ်သည့် ပြည်သူအချို့က ဆန္ဒပြခဲ့သည်ဟု အစိုးရပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး အဆိုပါလူများအား အရေးယူခဲ့ခြင်းမရှိပေ။  

“အဖွဲ့အစည်း ဖွဲ့စည်းတယ်ဆိုတာကလည်းဗျာ၊  နှုတ်ထွက်အင်န်အယ်ဒီတို့၊ ၀ံသာနုအင်န်အယ်ဒီ တို့၊ ဘာလဲ  အဲလို အများကြီးပဲဗျာ။ ဒါတွေ သူတို့လဲဖွဲ့တာပဲဗျာ၊  အခု ဒီလူတွေက မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဟိုလူတွေကျတော့ ခွင့်ပြုထားပြီး ဒီလူတွေကျတော့ ခွင့်မပြုဘူး ဆိုတာက ဒါ သိသိသာသာကို ဆိုးနေတယ်ဗျ။ ဥပဒေနဲ့ကို မညီဘူး။ ဥပဒေလဲ မရှိဘူး။ ဘာလဲ ဆိုတော့ သူတို့ Double Veto ရထားပြီးတဲ့ အချိန်ကနေစပြီးတော့ သူတို့ဟာ အနိုင်ရနေပြီ၊ သူတို့ဟာ ဒီ  Double Veto က သူတို့ဘက်ကို ထောက်ခံထားပြီးပြီ။ အဲဒီတော့ တဖက်ကလူတွေ ကို လုပ်လာရင် အပြတ်ချေမှုန်းပစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိနေပြီလို့ ကျနော်တို့က အဲလို ကောက်ချက်ချချင်တယ်”ဟု ကိုဂျင်မီက ဆိုသည်။  

ယခုအခါ အဆိုပါဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ လူသုံးဦးထက်မနည်းကို စစ်အစိုးရက ဖမ်းဆီးထိန်သိမ်း ထားလိုက်ပြီး မိသားစုများကလည်း မည်သည့်နေရာကိုရောက်ရှိနေကြောင်းကို မသိရသဖြင့် အလွန်အမင်း စိတ်ပူနေကြသည်။ 

၈၈ မျိုးဆက်ကျောင်းသားများကလည်း ပြီးခဲ့သည့်လ လွတ်လပ်ရေးနေ့မှစတင်ခဲ့သည့် ပြည်သူ အများက ယင်းတို့ ခံစားချက်များကို တိုင်တန်းရေးသားပေးပို့သည့် ရင်ဖွင့်လွှာလှုပ်ရှားမှုများကို ဆောင်ရွက်ပြီးနောက် နှစ်လမပြည့်မီ ယခုကဲ့သို့ ပြည်သူများကိုယ်တိုင် ခံစားချက်များကို ဖော်ထုတ်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။ 

“အဲဒါ လက်တွေ့ကျတယ်လေဗျာ။ သူတို့ရဲ့ ခံစားချက်အမှန်ကို ဒါ ရင်ဖွင့်တာပဲ။ တာဝန်ရှိတဲ့ လူတွေဆီကို ရင်ဖွင့်တာပဲဟာ။ အဲဒါ Open Heart Letter နဲ့ ရင်ဖွင့်မယ်။ အခုကတော့ သူတို့ဟာ expresser လုပ်တာပဲ။ သူတို့ဟာ နောက်ဆုံးမှာ letter နဲ့တင်မဟုတ်ဘူး၊ တကိုယ်လုံးကို ဖော်ပြ ပြီးတော့ ကိုယ်ကိုဖွင့်ပြီးတော့မှ ဒါဟာ ဆန္ဒပြုတဲ့ကိစ္စပဲ။ သူတို့ရဲ့ လက်တွေ့ခံစားချက်တွေပဲ။ အဲဒီတော့ ဒါဟာ သူ့အခွင့်အရေးရှိတယ်။ ဒါ ဖြေရှင်းပေးရမယ့်လူက ဖြေရှင်းပေးရမယ့် တာဝန် ရှိတယ်”ဟု ကိုဂျင်မီက ဆိုသည်။ 

လူတိုင်းသည် မွေးရာပါအခွင့်အရေးအတိုင်း ဆန္ဒဖော်ထုတ်ခွင့်ရှိကြောင်း၊ အဆိုပါအခွင့်အရေး များကို လေးစားလိုက်နာရမည်မှာ သက်ဆိုင်ရာ အုပ်ချုပ်သူအစိုးရများ၏တာဝန်သာဖြစ်ပြီး လူထုခံစားချက်များကို မျက်ကွယ်ပြုထားပါက ပါးစပ်ကသာ ဒီမိုကရေစီကို ထူထောင်နေသည် ဟု ပြောခြင်းသာဖြစ်၍ လက်တွေ့တွင် ပြည်သူတို့၏ဆန္ဒကို နှိပ်ကွပ်နေသည်ကိုသာမြင်ကြောင်း ကိုဂျင်မီက ပြောဆိုသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org