|
ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့
ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပ
ရိုးမ ၃။
ဒီဇင်ဘာ ၁၈၊ ၂၀၀၇

ယနေ့ကျရောက်သည့် ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားများကို
ထိုင်း-မြန်မာ နယ်စပ်ရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများက
ကျင်းပခဲ့ကြသည်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင်းတနေရာတွင် ယနေ့နံနက်က
ကမ္ဘာ့ရွှေ့ပြောင်းအလုပ် သမားနေ့အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ မဲဆောက်မြို့ရှိ အလုပ်သမားအရေးဆောင်ရွက်နေသည့်
အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများတက်ရောက်ကာ
အလုပ်သမားများအခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက ပြဌာန်းထားသည့် အလုပ်သမားဥပဒေကို
ချိုးဖောက်ကာ အလုပ်ရှင်များက အလုပ်သမားများကို အကြောင်းမဲ့
ထုတ်ပယ်နေမှုများ ယခုလပိုင်းအတွင်း ပိုမို များပြားလာပြီး
အလုပ်သမားများ၏ နစ်နာကြေးငွေများ ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။
ယခုရက်ပိုင်းအတွင်းပင် မြန်မာအလုပ်သမား ၁၅၀၀ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့်
မဲဆောက်မြို့၊ ဘန်းဆောင်ခွဲအရပ်ရှိ Jew Kie နှင့် မယ်ပအရပ်ရှိ Kiss Me
သိုးမွေးစက်ရုံမှ အလုပ်သမားများမှာ အလုပ်ရှင်က အလုပ်မပေးနိုင်သည့်
ပြဿနာကြောင့် စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့ နေကြရသည်။
အဆိုပါစက်ရုံတွင် ၁၀ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သူ ကိုစိုးက “စက်ရုံမှာ
လက်ရှိအလုပ်သမား တွေက အလုပ်မလုပ်ရတော့ဘူး၊ အလုပ်ရှင်က ကျနော်တို့
မြန်မာအလုပ်သမားတွေကို အလုပ် မပေးနိုင်တာ တလလောက်ရှိပြီ၊
အလုပ်သမားကြီးကြပ်ရေးမှူးတွေကိုတော့ နစ်နာကြေးပေး တယ်။ ကျနော်တို့
အလုပ်ရှင်ပိုင် အပေါ်ရုံအောက်ရုံဆိုရင် မြန်မာအလုပ်သမား ၁၅၀၀
လောက် ရှိမယ်၊ တချို့အလုပ်သမားတွေ ရွာပြန်တာ ရှိတယ်၊ ဒီ့ပြင်
နေ့စားအလုပ်တွေမှာ သွားလုပ်နေ ရတာ ရှိတယ်။ စက်ရုံပိတ်တယ်လည်း
သေချာမပြောတော့ အခက်အခဲ အများကြီးရှိတယ်” ဟု ဆိုသည်။
အလုပ်ရှင်အနေဖြင့် ယခု ဒီဇင်ဘာလမှစတင်ပြီး ရှေ့နှစ်ဂျွန်လအထိ
အလုပ်သမားလက်မှတ် သက်တမ်းတိုးရမည့် ကုန်ကျစရိတ်ကို မပေးဆောင်ချင်၍
အကြောင်းမဲ့ အလုပ်သမားများကို တလနီးပါးကြာ ထမင်း ၂ နပ် ကျွေးမွေးပြီး
အလုပ်ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကာ ဥပဒေအရ အလုပ် ရပ်နားမည်ဆိုပါက ၂ လစာ
နစ်နာကြေးပေးဆောင်ရမည်ကို ရှောင်လွှဲခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း အလုပ်ရှင်များက အကြောင်းမဲ့
အလုပ်များရပ်ဆိုင်း ထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက်
မဲဆောက်ဒေသတခုတည်းတွင် အလုပ်သမားဦးရေ ၃၀၀၀ ခန့်
အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်ဟု အလုပ်သမားအရေးကူညီဆောင်ရွက်နေသူများက
ဆိုသည်။
တိုင်းပြည်အစိုးရမကောင်း၍ တပါးနိုင်ငံတွင် အနှိမ်ခံကာ
အလုပ်လုပ်နေရခြင်းနှင့်ပတ်သက်၍ အထည်ချုပ်စက်ရုံမှ အလုပ်သမက “ခုချိန်ထိ
ဘယ်စက်ရုံမှာမှ အလုပ်သမားအခွင့်အရေး အပြည့်အဝ မရသေးပါဘူး၊
ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်အစိုးရမကောင်းတော့ သူများ နိုင်ငံမှာ
သူများမျက်နှာကြည့်ပြီး နေရတယ်၊ သူများခိုင်းတာ လုပ်ရတယ်၊
ကိုယ့်နိုင်ငံမှာဆိုရင် ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်လူမျိုး
ကိုယ့်တိုင်းပြည်အတွက် လုပ်ပေးလို့ရတယ်၊ ခုက ကိုယ်က
ပညာတတ်ဖြစ်ပြီးတော့ ကိုယ့်နိုင်ငံမကောင်းတော့ သူများနိုင်ငံမှာ
လာလုပ်နေရတယ်” ဟု ဆိုသည်။
ယနေ့ပြုလုပ်သည့် ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့အခမ်းအနားသို့
ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ ထိုင်း အလုပ်သမားသမဂ္ဂ၊
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) နှင့်
အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် မြန်မာ
အလုပ်သမား စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့သည်။
အလားတူအခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊
တကွာပါမြို့နယ်၊ ခေါင်လတ်ဒေသ တွင်လည်း
အလုပ်သမားအရေးကူညီဆောင်ရွက်နေသည့် အင်န်ဂျီအိုအဖွဲ့အစည်းများ ပူးပေါင်း
ကျင်းပခဲ့ရာ ဖန်ငခရိုင်အလုပ်သမား ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများ၊ ဒေသခံ ထိုင်းလူမျိုးများနှင့် အလုပ်သမားများ
စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကာ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ
အခွင့်အရေးများကို အဓိက ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ |