Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်မှုထမ်းသက် လျှော့ချခဲ့သည်ဟုဆို

ဗထူး။ ဒီဇင်ဘာ ၂၉၊ ၂၀၀၇ 

စစ်အစိုးရစစ်တပ်အတွင်း တာဝန်ယူမှုနှစ်ကန့်သက်ချက်ကို လျှော့ချလိုက်သည်ဟု ဆိုသည်။ 

ယခင်စစ်တပ်အတွင်း ၁၀ နှစ်အထိ အပြည့်အဝ တာဝန်ထမ်းဆောင်ရန် သတ်မှတ်ချက်အား ယခု ၅ နှစ်သို့ လျှော့ချလိုက်ခြင်းဖြစ်သည်။ 

ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်ရုံးမှ တပ်ရင်းတပ်ဖွဲ့များသို့ ညွှန်ကြားချက်တစောင်ကို ပြီးခဲ့သည့် နိုဝင်ဘာလပိုင်းအတွင်းက ပေးပို့သတ်မှတ်ခဲ့သည်ဟု ဆိုသည်။ 

“ ၁၀ နှစ်ပြည့်လည်း ထွက်မရဘူး၊ တပ်ထဲဝင်တဲ့လူလည်း ရှားလာပြီ၊ ခု ၅ နှစ် သတ်မှတ်တာက လည်း ၅ နှစ်ပြည့်လို့ ထွက်ရမရဆိုတာ တိတိကျကျပြောဖို့ခက်တယ်” ဟု စစ်ရုံးချုပ်နှင့်နီးစပ်သူ တဦးက ဆိုသည်။ 

စစ်အစိုးရအနေဖြင့် လာမည် ၂၀၀၈ ခုနှစ်အတွင်း အင်အား ၅ သိန်းထိ တိုးမြှင့်ဖြည့်တင်းရန် ရည်ရွယ်ချက်ရှိနေပြီး အဆိုပါအင်အား ပြည့်မှီရန်အတွက် ပြုလုပ်ခြင်းလည်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

အရွယ်မရောက်သေးသည့် ကလေးငယ်များအား အဓမ္မ စစ်တပ်တွင်းသို့ သွတ်သွင်းနေသည့် လုပ်ငန်းမှာလည်း မှောင်ခိုလုပ်ငန်းတခုအသွင်ဆောင်နေသည်ဟု ဆိုသည်။ 

“တယောက်ပို့ပေးနိုင်ရင် သုံးသောင်း ပွဲခရတယ်၊ ပြန်ထုတ်ချင်ရင်လည်း ပွဲစားဈေးကွက် ရှိနေ တယ်။ အနည်းဆုံး သုံးသောင်းကနေ တသိန်းဝန်းကျင်ရှိတယ်” ဟု စစ်သားများ လိုက်လံ စုဆောင်းပေးသည့်လုပ်ငန်း လုပ်ကိုင်သူတဦးက ဆိုသည်။ 

စက်တင်ဘာသံဃာလှုပ်ရှားမှုအား ရက်စက်စွာ နှိမ်နင်းပြီးသည့်နောက်ပိုင်း တပ်ထဲသို့ ဝင်ရောက် လိုသူများ ပိုမိုနည်းပါးလာနေပြီး စစ်မှုထမ်းများကိုယ်တိုင်က သားဖြစ်သူများအား စစ်တပ်တွင်း သို့ ၀င်ရောက်တာဝန်ထမ်းဆောင်ခြင်းကို အားမပေးတော့ကြောင်း စစ်မှုထမ်းတဦးက ဆိုသည်။ 

စစ်တပ်အတွင်းဝင်ရောက်ရေးအတွက် စစ်အစိုးရက နယ်အသီးသီးတွင်း စစ်သည်တဦး၏ ရပိုင်ခွင့်များကို ဖော်ပြထားသည့် ကြော်ငြာများ၊ လက်ကမ်းစာစောင်များကို ဖြန့်ဝေကာ စည်းရုံးမှုများ ပိုမိုပြုလုပ်လာလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org