|
စပါးဝယ်ယူခွင့်ပိတ်သဖြင့် ပြည်သူများ
ဒုက္ခရောက်နေ
ဉာဏ်မောင်။
ဒီဇင်ဘာ ၂၉၊ ၂၀၀၇
စစ်အစိုးရက
ရခိုင်ပြည်နယ်အတွင်း စပါးတင်သွင်းခွင့်များ ပိတ်ပင်ထားသည့်အတွက်
မြို့နယ် အချို့မှ ပြည်သူများ ဆန်ဈေးမြင့်တက်မှုကြောင့် စားသုံးရန်
ဒုက္ခရောက်နေသည်။
၂၀၀၈
ခုနှစ်အတွက် စစ်တပ်နှင့် ဌာနဆိုင်ရာများအတွက်
စပါးများဝယ်နေခြင်းကြောင့် ယခု ကဲ့သို့ သာမာန်ပြည်သူများအား
စပါးသယ်ယူခွင့်များကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များက မြို့နယ်တွင်းရှိ အရာရှိများကို ပြည်သူလူထုအား
မြို့နယ်တမြို့မှ အခြားမြို့ သို့ စပါးသယ်ဆောင်ခွင့်နှင့်
ကုန်သည်များနှင့် ဆန်စက်များသို့လည်း ရောင်းချခွင့်မပြုရန် အမိန့်
ထုတ်ပြန်ထားသည်ဟု အကျပ်ကျေးရွာမှ စပါးကုန်သည်တဦးက ပြောသည်။
ဒီဇင်ဘာလ
ပထမအပတ်တွင်းမှစတင်ကာ ထိုအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း မောင်းတော
မြို့နယ်မှ ပြည်သူများတွင် ဆန်စပါးမလောက်ငမှုပြသနာ
စတင်ရင်ဆိုင်နေရပြီဖြစ်သည်။ ထိုကြောင့် မောင်းတောနှင့်
ဘူးသီးတောင်မြို့နယ် (မယက)အာဏာပိုင်များက အထက်ဌာန ရခိုင်ပြည်နယ်
(ပယက)အာဏာပိုင်များသို့ ၎င်းနှစ်မြို့နယ်အတွင်း သယ် ဆောင်ခွင့်ပြုရန်
တင်ပြထားသော်လည်း ယခုထိ ခွင့်ပြုမိန့်မရသေးကြောင်း မောင်းတောမှ
အာဏာပိုင်များနှင့် နီးစပ်သော အသိုင်းအဝိုင်းက ဆိုသည်။
“ဒီဇင်ဘာလ
(၄) ရက်နေ့က ကျနော်တို့ အများစားသုံးတဲ့ ဆန်အညံ့တပြည်ကို ၃၅၀ ကျပ်
ပေးရတယ်။ အခုတော့ ၅၅၀ ကျပ် ပေးဝယ်ရတယ်”ဟု ဆိုသည်။
“အစိုးရဌာနဆိုင်ရာတွေကလွဲလို့ အခြားဘယ်သူ့ကိုမှ ဆန်စပါးမရောင်းရဘူးလို့
ကျနော်တို့ကို အာဏာပိုင်တွေက အမိန့်ထုတ်ထားလို့ ရောင်းချင်ပေမဲ့
ကျနော်တို့ ဆန်စပါးတွေကို မရောင်းနိုင် ဘူး” ဟု ဘူးသီးတောင်မှ
လယ်သမားတဦးက ပြောသည်။
၎င်းအပြင်
အာဏာပိုင်များက ၂၀၀၈ ခုနှစ်အတွက် ဒေသတွင်းအခြေစိုက် စစ်တပ်များအတွက်
ရိက္ခာစုဆောင်းရန် ဌာနဆိုင်ရာအရာရှိများအား လယ်သမားများထံမှ
ဆန်စပါးဝယ်ယူရန် အမိန့် ထုတ်ပြန်ထားခဲ့သည်။ |