Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်မှန်သည့် တွေ့ဆုံးဆွေးနွေးမှုလုပ်ရန် ပြင်သစ်နှင့် အင်္ဂလန် ပြောဆို

ဉာဏ်မောင်။ ဒီဇင်ဘာ ၃၊ ၂၀၀၇

ကုလသမဂ္ဂမှ ကြားဝင်ဆောင်ရွက်မှု ပြုလုပ်နေဆဲကာလတွင် စစ်အစိုးရအား ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ပြင်သစ်နှင့် အင်္ဂလန် ဝန်ကြီးချုပ်နှစ်ဦးက ပြီးခဲ့သည့် စနေနေ့က ပြောဆိုခဲ့သည်။

စစ်အစိုးရက ကုလကြားဝင်ဆောင်ရွက်မှုအပေါ် နှောင့်နေးကြံ့ကြာမှုနှင့် တဖက်သတ် သဘော ထားများ ထုတ်ပြန်နေခြင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ကမ္ဘာ့ခေါင်းဆောင်နှစ်ဦး၏ သဘောထား ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒီအချိန်မှာ စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲကို လုပ်သင့်ပြီ” ဟု အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ပါတီအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များကို ရည်ညွှန်း၍ မစ္စတာ ဆာကိုဇီနှင့် မစ္စတာ ဘရောင်းတို့က International Herald Tribune သတင်းစာသို့ စာရေးသားပေးပို့ခဲ့သည်။

ခေါင်းဆောင်နှစ်ဦးထောက်ပြသော အချက်မှာ “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပျက်စီးယိုယွင်းနေသော အခြေအနေများ” သည် တိုင်းပြည်တွင် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ အကြာတွင် မြန်မာပြည်သူတို့၏ ဆုံးရှုံးနစ်နာမှု၊ ပေးဆပ်ရမှု ပြယုဂ်များ ဖြစ်နေသည်ဟု ထောက်ပြထားသည်။ ထို့အပြင် “ မကြာသေးမီက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် မြန်မာ ပြည်သူတို့၏ အလွန်ကြီးမားသော ကန့်ကွက်ဆန္ဒပြမှုကြီးသည် အာဏာပိုင်တို့ အုပ်ချုပ်မှု အဆုံးသတ်စေရန် တွန်းအားပေးလိုက်ခြင်းဖြစ်သည်”ဟု ရေးသားထားသည်။ 

ပြီးခဲ့သည့် သံဃာနှင့် လူထုလှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကို ရည်ညွှန်း ကာ သွေးစွန်းသော စက်တင်ဘာနှိပ်ကွက်မှုအတွင်း စစ်အစိုးရ၏ အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် ဆန္ဒပြသူ အနည်းဆုံး ၁၅ ယောက် သေဆုံးပြီး၊ ၃၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံတကာမှ စွဲချက်တင်ထားခြင်းကို တိုးမြှင့်အရေးယူဖိအားပေးရန်လည်း ရေသားထားသည်။ 

“ပြီးတော့ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးလုပ်ပြီး အခြားပါတီများ၊ လူမျိုးစု တိုင်းရင်းသားခေါင်းဆောင်များနှင့်လည်း လေးလေးနက်နက် လုပ်ဆောင်ရမယ်”ဟု ပြင်သစ်နှင့် အင်္ဂလန် ၀န်ကြီးချုပ်နှစ်ဦးက ဆိုသည်။ 

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာသေးမီကပင် နိုင်ငံတော် ရှေ့ဆက် သွားမည့် မူ (၇) ချက်အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ပြီးခဲ့သည့်လ (၃၀) ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် အလည်အပတ် ရောက်ရှိ နေသူ စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကလည်း ၎င်းတို့ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အတိုင်းသာ အကောင်အထည်ဖော်သွားမည်ဟု ပြောဆိုခဲ့သည် 

ယခုလ (၂) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ၂ နှစ်ကြာ ဆောက်လုပ်နေသည့် နေပြည်တော်အဆောက်အဦများတွင် နောင် ဖြစ်ပေါ်လာမည့် အစိုးရအတွက် အဆောက်အဦ များ ထည့်သွင်းဆောက်လုပ်ထားပြီးဖြစ်၍ အလည်အပတ်လာရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ၊ ခေတ္တအကြီးအကဲ ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌအား ပြောကြားခဲ့သည်ကို ဖော်ပြထားသည်။    
 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org