|
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့
ရန်ကုန်တွင်ကျင်းပ
ဗထူး။
ဒီဇင်ဘာ ၁၀၊ ၂၀၀၇
ယနေ့ကျရောက်သည့် (၅၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို
ယနေ့ နံနက်က ရန်ကုန်မြို့တွင် လူ့အခွင့်အရေးလှုပ်ရှားသူများက
ကျင်းပကြသည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) အဖွဲ့ဝင်များက
ဦးစီးကာ ရန်ကုန်မြို့ တွင် ယနေ့နံနက် (၉) နာရီမှ
စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
သံဃာလှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း
နိုင်ငံတကာမှ စစ်အစိုးရအား အပြစ်တင်ရှုတ်ချနေချိန်တွင်
စစ်အုပ်ချုပ်ရေးအောက် အဆိုပါနေ့အထိမ်းအမှတ်အခမ်းအနားကို စစ်အစိုးရ
လက်အောက်ခံအဖွဲ့များ စောင့်ကြည့်နေသည့်ကြားမှ ကျင်းပရခြင်းဖြစ်သည်။
“ကြည့်မြင်တိုင်မှာရှိတဲ့ ကျနော့်အိမ် ရေတွင်းကုန်းသစ်နားမှာ
ကျင်းပတာ၊ (၉) နာရီက စလိုက် တာပါ၊ တနာရီခွဲပေါ့။ ကျနော်တို့က
အဓိကကတော့ ဒီအခမ်းနားကို ကျင်းပရခြင်းအကြောင်းက တော့ ဒီနေ့
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့၊ အဲဒီလူ့အခွင့်ရေးနေ့မှာ ကျနော်တို့
ဗမာတွေ လည်း လူ့အခွင့်ရေးနဲ့ဆိုင်တယ်ဆိုတာ သိအောင်
ကျနော်တို့ပြတာပါ”ဟု (HRDP) အဖွဲ့ဝင် ဦးမြင့်အေးက ဆိုသည်။
လူ့အခွင့်အရေးအား ပြည်သူများသိရှိအောင် ပထမ လုပ်ရမည်ဖြစ်ပြီး
လူ့အခွင့်အရေး ချိုးဖောက် နေသူများကို ဒုတိယအဆင့်
သိရှိနိုင်အောင်လုပ်ရန် လိုအပ်မှသာ ကုန်စင်အောင် မဟုတ်သည့် တိုင်
လူ့အခွင့်အရေးချိုးဖောက်မှုများ နည်းပါးသွားမည်ဖြစ်သည်ဟု ၎င်းက
ဆက်လက်ပြောဆို သည်။
(HRDP)အဖွဲ့အနေဖြင့် လူ့အခွင့်အရေးနေ့အခမ်းအနားကို ပြီးခဲ့သည့်နှစ်က
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ပထမအကြိမ် ကျင်းပခဲ့ပြီး ယခု
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် ကျင်းပခဲ့ သည်။
လူ့အခွင့်အရေးအကြောင်း ပြည်သူများသိရှိလာသည့်အခါ ၎င်းတို့ကိုယ်တိုင်
ဖော်ထုတ်လာမှုနှင့် ပတ်သက်၍ (HRDP)အဖွဲ့ဝင် စောဗန်ကူးက “မနှစ်ကတုန်းက
ဘိုကလေးမှာ လူ့အခွင့်ရေးနေ့ အခမ်းအနား ကျင်းပတာကနေပြီးတော့ သူတို့
အတွေ့ကြုံသစ်တွေ၊ အတွေးခေါ်တွေ၊ နောက် လူ့အခွင့်အရေး အချက်
(၃၀)နဲ့ပတ်သက်လို့ အသိဉာဏ်တွေ ပိုမိုကျယ်ပြန့်လာတယ်လို့ သူတို့က
ယူဆပါတယ်။ ယူဆပြီးတော့ ဒီကနေ့အခမ်းနားကို တက်လာပြီးတော့လည်း သူတို့ရဲ့
ဒေသ တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ဟာတွေကို သူတို့ဒေသအလိုက်
အသီးသီး ဖတ်ကြားသွား တာတွေလဲ ရှိပါတယ်”ဟု ဆိုသည်။
ယနေ့ကျင်းပသည့် ဦးမြင့်အေးနေအိမ် လမ်းထိပ်တွင် ကြံ့ဖွံ့၊
စွမ်းအားရှင်၊ ရဲသတင်းအထူးတပ်ဖွဲ့ (SB)မှ ဒိုင်နာကားနှစ်စီးဖြင့်
စောင့်ကြပ်နေခဲ့သော်လည်း အခမ်းအနားအား တစုံတရာ
နှောင့်ယှက်ခဲ့ခြင်းမရှိဟု ဆိုသည်။
(HRDP)အဖွဲ့ဝင်များအား စစ်အစိုးရမှ အကြမ်းဖက်ရိုက်နှက်
ဖမ်းဆီးခြင်းနှင့် လူ့အခွင့်အရေး ပညာပေးရာ ဒေသများတွင် ဖမ်းဆီးခြင်း၊
စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်း ဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့ရာ (HRDP)အဖွဲ့ဝင်
၂၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ယနေ့အခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ (HRDP)အဖွဲ့ဝင်များ၊ လူ့အခွင့်အရေး
လေ့လာသူ များ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး
အခမ်းအနားပြီးဆုံးသည်အထိ လူများ ထပ်ရောက် လာရာ
စစ်အစိုးရလက်အောက်ခံအဖွဲ့များ စောင့်ကြည့်နေမှုကြောင့် အများစုမှာ
စိုးရိမ်ပူပန်ခဲ့ကြ ရသည်။ |