|
သည်းခံမှုအတိုင်းအတာထက်ကျော်လွန်နေပြီဟု
ဘန်ကီမွန်းပြောဆို
ဉာဏ်မောင်။
ဒီဇင်ဘာ ၁၁၊ ၂၀၀၇

မြန်မာစစ်အစိုးရ၏ လုပ်ဆောင်ချက်များသည် ကုလနှင့် နိုင်ငံတကာ၏
သည်းခံနိုင်မှု အတိုင်းအတာထက် ကျော်လွန်နေပြီဟု
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ရောက်ရှိနေသော မစ္စတာ ဘန်ကီမွန်းက
(၅၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့
သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ စိတ်ရှုပ်၊
သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်နေ၍
မြန်မာစစ်အစိုးရအာဏာပိုင်များအား သူ၏ ပြည်သူများအပေါ်
ဒုက္ခပေးနှိပ်စက်မှုများကို ရပ်တန့်ပြီး ဒီမိုကရေစီ
ကျင့်သုံးလိုက်နာစေရန် တနင်္လာနေ့က သတိပေးပြောကြားခဲ့သည်။
“မြန်မာပြည်သူတွေ အချိန်ကြာမြင့်စွာကပင် အထီးကျန်နေခဲ့ရပါတယ်။
အခုချိန်မှာတော့ မြန်မာ အာဏာပိုင်များနဲ့
မြန်မာပြည်သူတို့ဟာ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ပျော်ရွှင်စွာ
ခံစားရဖို့ အကောင်းဆုံး(အမြင့်ဆုံး)အချိန် ဖြစ်နေပါပြီ” ဟု မစ္စတာဘန်က
ဆိုသည်။
စစ်အစိုးရက
ကုလသမဂ္ဂမှတောင်းဆိုထားသည့် တွေ့ဆုံဆွေးနွေးရေးအား ဟန်ပြလုပ်ဆောင်
နေပြီး နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများကို
ဆက်လက်ဖမ်းဆီးနေဆဲဖြစ်သည်။
သောကြာနေ့
ကုလလူ့အခွင့်အရေးကောင်စီ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့သည့် စက်တင်ဘာ
သံဃာ့လှုပ်ရှားမှုအား စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ရာ သေဆုံးသူ ၃၁
ဦးရှိကာ ဖမ်းဆီး ချုပ်နှောင်ထားသူ ၆၅၀ ဦးနှင့် ပျောက်ဆုံးနေသူ ၇၄
ဦးရှိသည်ဟု ဖော်ပြထားသည်။
“ကျနော့်အနေနဲ့ လေးလေးနက်နက် ပြောချင်တာကတော့ အရင်လို
ဟန်ပြလုပ်နေခြင်းကို လက်မခံနိုင်တော့သလို ဒါက နိုင်ငံရေးအရ
ထိန်းမထားနိုင်တော့ပါဘူး”ဟု မစ္စတာဘန်ကီမွန်းက ပြောဆိုသည်။
မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲဖို့အတွက်
တွန်းအားပေးရန် အာစီယံနိုင်ငံများအနေနှင့်လည်း အဓိကအခန်းကဏ္ဍမှ
ပါဝင်ဆောင်ရွက်ကြရန် အဖွဲ့ဝင်နိုင်ငံ များကိုလည်း မေတ္တာရပ်ခံခဲ့သည်။
မကြာသေးမီအချိန်က ကုလအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ၏
အရှေ့တောင်အာရှနိုင်ငံ များသို့ လှည့်လည်စဉ်ကလည်း အိမ်နီးချင်း
မြန်မာစစ်အစိုးရကို ဆန့်ကျင်မည့် ခိုင်မာတဲ့ သဘောထား
အာစီယံအစိုးရများထံမှ ရရှိရန် ကြိုးစားမှုမှာ မအောင်မြင်ခဲ့ပေ။ |