|
တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းအရည်အသွေးအပေါ် စိုးရိမ်နေရသော်လည်း
ယူနန်နယ်စပ် ကူးသန်းရောင်းဝယ်မှုကောင်းနေဆဲ
ဉာဏ်မောင်။
သြဂုတ် ၂၊ ၂၀၀၇
မြန်မာနိုင်ငံတွင်းသို့ တင်သွင်းနေသည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ
အရည်အသွေးနှင့် ဆေးဝါးများအန္တရာယ်ကို နိုင်ငံတကာက စိုးရိမ်နေသော်လည်း
ယူနန်ပြည်နယ်ကုန်သွယ်ရေး ဆက်လက်တိုးတက်နေဆဲဖြစ်သည်။
အာစီယံနိုင်ငံများနှင့် ကူသန်းမှုတွင် အချက်အခြာကျသည့်
မြန်မာနိုင်ငံ၏နယ်စပ်နေရာဖြစ်သော ယူနန်ပြည်နယ်၊ ၀မ်ဒင်းမြို့
နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံလုပ်ကုန်ပစ္စည်းများ တင်သွင်းမှု ပိုမို
အားကောင်းနေခြင်းဖြစ်သည်။
ငွေကြေးကြပ်တည်းသော မြန်မာပြည်သူများအတွက် ကျန်းမာရေးအတွက်
ဈေးပေါလှသည့် တရုတ်နိုင်ငံထုတ် ဆေးဝါးများကို မှီခိုအားထားနေသော်လည်း
အဆိုပါဆေးဝါးများမှာ အရည် အသွေး မပြည့်မီကြောင်းကိုမူ ပညာရှင်များက
သိရှိထားပြီးဖြစ်သည်။
နိုင်ငံတကာမှ တရုတ်ပြည်လုပ် ကုန်ပစ္စည်းများအပေါ်
စိုးရိမ်မကင်းဖြစ်နေသော်လည်း ယူနန် ပြည်နယ်၊
ဝမ်ဒင်း(Wanding)နယ်စပ်ဂိတ် နိုင်ငံခြားရေးရုံးက ယမ်ဂျွန်လောင်း(Yang
Junlong) က “ဒေသခံတွေဟာ နယ်စပ်ကိုဖြတ်ပြီး အလုပ်လုပ်ကြဖို့အတွက်
သွားတယ်၊ ဆွေမျိုးတွေဆီကို အလည်သွားတယ်၊ ဆေးဝါးကုသဖို့နဲ့
ကျောင်းတက်ဖို့အတွက် သွားကြတယ်။ တရုတ်-မြန်မာ နယ်နမိတ်ကို
တောင်တန်းကြီးတွေ၊ ချောင်းတွေနဲ့ ပိုင်းခြားသတ်မှတ်ထားပါတယ်။
နှစ်နိုင်ငံ စလုံးက ပြည်သူတွေဟာ အပြန်အလှန် ဆက်ဆံမှီခိုနေကြပါတယ်။
ကျွန်တော်တို့မှာ လူက လုပ်တဲ့ အပိတ်အဆို့၊ အတားအဆီး မရှိပါဘူး။
ဒီနေရာလေးဟာ ငြိမ်းချမ်းတဲ့ နယ်စပ်ဖြစ်ပါ တယ်”ဟု ဆိုသည်။
အဆိုပါနယ်စပ်ဂိတ်များမှတဆင့် မြန်မာနိုင်ငံဘက်မှ ပင်လယ်ဂဏန်း၊
ငါးရှဥ့်၊ မြွေ၊ ဆန်စပါး၊ ပဲ၊ ပြောင်းနှင့် ကျောက်သံပတ္တမြားတို့ကို
ကုန်သွယ်တင်ပို့နေသလို တရုတ်နိုင်ငံဘက်မှ ကြွေထည် ပစ္စည်း၊ အထည်အလိပ်၊
လျှပ်စစ်ပစ္စည်းနှင့် ဆေးဝါးများကို အများဆုံး တင်သွင်းနေခြင်း
ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်နိုင်ငံမှ
အမေရိကန်ဒေါ်လာ သန်းတထောင်ဖိုးနီးပါး ကုန်ပစ္စည်းများတင်သွင်းခဲ့ပြီး
တရုတ်အနေဖြင့် ကမ္ဘာတွင် စတုတ္ထ အများဆုံး
ဆေးဝါးတင်သွင်းနေသည့်နိုင်ငံမှာလည်း မြန်မာနိုင်ငံပင်ဖြစ်သည်။ |