Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရေနံချောင်းတွင် ဆန္ဒပြမှုဖြစ်ပွား
ကုန်ဈေးနှုန်းမကျမခြင်း ဆက်လုပ်သွားမည်ဟု တောင်သူတဦးကပြောဆို

ဗထူး။ သြဂုတ် ၂၃၊ ၂၀၀၇

ယနေ့နံနက် ရေနံချောင်းမြို့ပေါ်တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်သည့်အတွက် လူထု ဆန္ဒပြလှုပ်ရှားမှုတရပ် ဖြစ်ပွားခဲ့သည်။ 

ရေနံချောင်းမြို့ဈေးရှေ့မှ  ယနေ့နံနက် (၈) နာရီက စတင်လမ်းလျှောက်ဆန္ဒပြခဲ့ရာတွင် ဈေးသူ ဈေးသားများနှင့် ကျေးရွာတွင် နေထိုင်သူများ ပါဝင်လာခဲ့ခြင်းဖြစ်သည်။ 

အင်အား (၆၀)ခန့်ရှိသည့် အဆိုပါလမ်းလျှောက်ဆန္ဒပြသူများတွင် ရေနံချောင်းမြို့နယ် အင်န်အယ်ဒီ ဒုဥက္ကဋ္ဌ ဒေါ်ခင်စောထွေးနှင့်အတူ အင်န်အယ်ဒီအဖွဲ့ဝင်များအပြင် သာမန်ပြည်သူ များပါ ပူးပေါင်းလာခဲ့သည့်ဟုဆိုသည်။ 

အဆိုပါဆန္ဒပြပွဲအား အာဏာပိုင်များက ပြင်းထန်သည့် နှောင့်ယှက်မှု တစုံတရာ မပြုလုပ်ခဲ့သော် လည်း မလှမ်းမကမ်းမှ ရဲနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက အင်အားပြခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်နှင့် အမှတ် (၁) ကျောင်းရှေ့တွင် လုံခြုံရေးများ ပိုမိုချထားကြောင်း ဒေသခံတဦးက ဆိုသည်။ 

“ဒီနေ့ တိုင်းပြည်မှာ ဖြစ်နေတာကိုက မတရားဖိနှိပ်ခံရပြီးတော့ ကုန်ဈေးနှုန်းတွေ မတရား တက်တယ်၊ ဒီကနေ့ဖြစ်တဲ့ ပြဿနာ၊ ရန်ကုန်မှာ လောင်စာဆီဈေးချဖို့ရာအတွက် ကလေး တွေက အကုန်လုံးလုပ်ကိုင်နေတဲ့အခါမှာ အန်တီတို့ နိုင်ငံရေးသမားတွေက ကျောခိုင်းမနေသင့် ဘူးလို့ အန်တီက ခံယူထားတယ်” ဟု ရေနံချောင်းမြို့နယ် (NLD)ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ခင်စောထွေး က ဆိုသည်။ 

ကြောက်သင့်တာထက် ပိုမကြောက်ရန် ဒေါ်အောင်ဆန်းစုကြည် မှာကြားထားသည့်အတိုင်း ယနေ့တွင် လူထုရှေ့မှ မားမားမတ်မတ် ရပ်တည်ကာ မိမိရင်ထဲက ထုတ်ဖော်ရတာကို လူထုများ သိရှိလာရန်နှင့် ရဲရဲရင့်ရင့် လုပ်ဆောင်ပြခြင်းဖြစ်ပြီး ဒီမိုကရေစီဆိုသည်မှာ လူထုခန့်သည့် အစိုးရသာဖြစ်သည်ကို နားလည်စေရန် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ 

အဆိုပါဆန္ဒပြပွဲတွင် ပါဝင်လာသူ ကျေးရွာသားတဦးကလည်း တတိုင်းတပြည်လုံးတွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဒေသအတွင်းရှိ ပြည်သူအများစု၏ စားဝတ် နေရေး မွန်းကြပ်မှုကို မြင်ရကာ မခံချင်၍ ပါဝင်ဆန္ဒပြခဲ့သည်ဟု ဆိုသည်။ 

လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်လာသည့်အတွက် လက်လုပ်လက်စား တောင်သူများ အတွက် များစွာ ထိခိုက်လာရပြီး သူလုပ်ကိုင်နေသည့် လုပ်ငန်းအပေါ် ထိခိုက်မှုကို ပဲပြားဘူးကြီး ရွာသား တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ကိုနန်းဝင်းက “ကျနော်တို့လုပ်ငန်း တိုက်ရိုက်ထိခိုက် တာကတော့ အများကြီးပေါ့ဗျာ။ ကျနော်တို့ဆိုရင်ဗျာ ပဲပြားဘူးကြီးရွာကနေ ရေနံချောင်းမြို့ကို တက်ပြီး ကန်စွန်းရောင်းရတယ်ဗျ၊  ကန်စွန်း အစည်း ၂၀၀ လောက် ရေနံချောင်းကို သယ်လာ တဲ့အခါမှာ အခု ရေကြီးတဲ့အချိန်မှာ ထင်းချောင်းမှာ လှေခ (၁၀၀) ပေးရတယ်။ ရေနံချောင်း ရောက်တော့ အထုပ်ကလေးချကာ ထိုင်မယ်ကျတော့ ဈေးကောက်က (၁၀၀) ကောက်တယ် ခင်ဗျ။ အပြန်လှေခ (၁၀၀) ဆိုတော့ (၃၀၀) ကုန်သွားတယ်။ ကျနော် ရေနံချောင်းမှာ ဈေးရောင်း လို့ရတာ (၆၀၀) ဆိုတော့ ကျန်တဲ့ငွေ (၃၀၀)နဲ့ ကျနော့်မိသားစုက မစားလောက်ဘူးဗျ၊ လက်တွေ့ ဘဝမွန်းကြပ်မှုပေါ့၊ ဒါတွေကို ကျနော်တို့ မခံချင်လို့ပါ” ဟု ပြောဆိုသည်။ 

ဓါတ်မြေသြဇာရောင်းချပေးလျှင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဈေးနှုန်းများ တင်ရောင်းခြင်း၊ ယခု မိုးစပါးစိုက်ရာတွင်လည်း ပထမအကြိမ် ရေကြီးသဖြင့် စပါးများ ရေနစ် မြုပ်သွား၍ ထမင်းစားရန် အခက်အခဲဖြစ်နေချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖိအားပေးမှုများရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

“ရေမြုပ်သွားလို့ ထမင်းစားဖို့ အခက်အခဲဖြစ်နေရတဲ့ကြားထဲမှာ ဒုတိယံပိ အထွေထွေအုပ်ချုပ် ရေးက မနည်း အမိန့်တွေ ပေးနေတယ်ဗျ၊ ကျနော်တို့ တောင်သူအားလုံးက ခံစားချက်တွေ ကြီးနေကြပြီဗျ၊ ကျနော်တို့ကတော့ဗျာ ကုန်ဈေးနှုန်းမကျမချင်း၊ လောင်စာဆီဈေးနှုန်းမကျမချင်း အမြဲတမ်း ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာကို ပြောချင်ပါတယ်ခင်ဗျ” ဟု ကိုနန်းဝင်းက ဆိုသည်။ 

ယနေ့တွင်လည်း မင်းဘူးမြို့နယ်ရှိ ရေနံမြေလုပ်ငန်းများမှ နေ့ဆိုင်းညဆိုင်းနှင့် လုပ်ကိုင်နေရ သည့် အလုပ်သမားများအား ဆန္ဒပြမှုများနှင့် ပူးပေါင်းမည်ကို စိုးရိမ်သဖြင့် မင်းဘူးအာဏာပိုင် များက လုပ်ငန်းခွင်အတွင်းမှ မနက် (၅) နာရီမှ ညနေ (၅) နာရီအတွင်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားသည်ဟု ဆိုသည်။    

 

အသံဖိုင်များရယူရန် -

ဒေါ်ခင်စောထွေး
ကိုနန်းဝင်း (၁)
ကိုနန်းဝင်း (၂)

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org