|
၈၈ မျိုးဆက်ကျောင်းသားများနှင့်
ပြည်သူများ ကားခဈေးကြီး၍ အိမ်သို့ လမ်းလျှောက်ပြန်ကြပြီ
ဗထူး။
သြဂုတ် ၁၉၊ ၂၀၀၇

ယနေ့နံနက်က
ရန်ကုန်မြို့တွင် ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ပြည်သူများ
ပူးပေါင်းကာ လောင်စာဆီဈေးများ အဆမတန်
မြင့်တက်လာမှုကြောင့် ဘတ်(စ်)ကားခများ တိုးမြင့်သွားသည့် အတွက်
လမ်းလျှောက်ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုဥက္ကဋ္ဌ ဦးကြည်မောင်၏ ကွယ်လွန်ခြင်း
(၃)နှစ်ပြည့် အစီအစဉ် သို့ သွားရောက်ခဲ့ပြီးနောက် ၈၈ မျိုးဆက်များက
နေအိမ်များသို့ လမ်းလျှောက်ကာ လောင်စာဆီ ဈေးနှုန်း မြင့်တက်လာမှုကြောင့်
ဘတ်(စ်)ကား မစီးနိုင်တော့သည့် ပြည်သူများအတွက် အေးချမ်းစွာ
ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါလှုပ်ရှားမှုသည် ရန်ကုန်မြို့ကုက္ကိုင်းလမ်းဆုံမှ ရွှေဂုံတိုင်၊
၎င်းမှတဆင့် တာမွေဈေးဘက် သို့ ဦးတည်ခဲ့ရာ လမ်းဘေးဝဲယာမှ ပြည်သူများ
ပူးပေါင်းပါဝင်လာခဲ့ပြီး အင်အား (၁,၀၀၀) ခန့် ထိ ဖြစ်လာခဲ့သည်။
အဆိုပါ
လမ်းလျှောက်ဆန္ဒပြပွဲသို့ ဝင်ရောက်လာသူ လှိုင်မြို့နယ်မှ အမျိုးသမီးတဦးက
“အခုဆိုလို့ရှိရင် ပြည်သူတွေက အိမ်ထဲကနေ အိမ်ပြင်ကိုထွက်ပြီးတော့
ကြည့်နေကြပါတယ်။ ကျမတို့ လမ်းလျှောက်တာကို လက်ခံလာတယ်၊
ထောက်ခံပါတယ်ဆိုတဲ့အကြောင်းကိုလည်း သူတို့ လက်ဝှေ့ယမ်းပြီးတော့
လက်တွေပြနေကြပါတယ်။ တိုက်တွေပေါ်ကနေဆို ၀ရံတာတွေမှာ ထွက်ပြီးတော့
ကျမတို့ကို အားပေးနေတဲ့သူတွေ အများကြီးပါပဲ” ဟု ဆိုသည်။
၎င်းအနေဖြင့် တနေ့လျှင် ကားခ အသွားအပြန် (၈၀၀) ကျပ် ကုန်ကျနေရပြီး
ရသည့်လစာဖြင့် သုံးရသည့် ခရီးစရိတ်မှာ မမျှတတော့သည့်အတွက်
ဒုက္ခတွေ့နေရသည်ဟု ဆိုသည်။ ယခုကိစ္စ သည် ၀န်ထမ်းများနှင့် ပြည်သူများပါ
ဒုက္ခရောက်နေခြင်းဖြစ်ပြီး ယခုလက်ရှိတွင် အခြေခံ စားသောက်ကုန်နှင့်
ဟင်းသီးဟင်းရွက်များပါ ဈေးတက်လာသဖြင့် လူအများအနေဖြင့် တော်ရုံတန်ရုံ
ဝယ်မစားနိုင်ကြတော့ကြောင်း သူမက ဆက်လက်ပြောဆိုသည်။
သူမက
“၀မ်းမဝရင်တော့ ပြဿနာဆိုတာ တခုခုတော့ ပေါ်လာတော့မှာပဲ။ အဲ့ဒီပြဿနာ
ပေါ်အောင် လုပ်တာဟာ ပြည်သူလူထုလည်းမဟုတ်ပါဘူး။ ၈၈ ကျောင်းသားတွေလည်း
မဟုတ်ပါဘူး၊ ပါတီအဖွဲ့အစည်းတွေလည်း မဟုတ်ပါဘူး၊ သက်ဆိုင်ရာ
အစိုးရပဲဖြစ်ပါတယ်” ဟု ဆိုသည်။
၈၈
မျိုးဆက်ကျောင်းသားများက ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ကာ လောင်စာ
ဆီဈေး မြှင့်တင်လိုက်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်
အကြပ်အတည်းများကို စစ်အစိုးရအနေဖြင့် အရေးတကြီး ဖြေရှင်းပေးရန်
တောင်းဆိုခဲ့သည်။
ကိုမင်းကိုနိုင်က ယမန်နေ့က ကြေညာချက်သည် ပြည်သူများ၏ ဘ၀ခံစားနေမှုကို
ဖော်ပြခဲ့ပြီး ယင်းကို အမြန်ဆုံး ဖြေရှင်းပေးရန်
တောင်းဆိုခဲ့ခြင်းဖြစ်ကာ ယနေ့လှုပ်ရှားမှုသည် ပြည်သူ ဘဝကို
ဖော်ညွှန်းခြင်းဖြစ်သည်ဟု ဆိုသည်။
တာမွေဈေးအနီးတွင် လမ်းလျှောက်ဆန္ဒပြနေသော ကိုမင်းကိုနိုင်က
“တကယ့်ပြည်သူတွေဟာ နောက်ဆုံးကျရင် လမ်းလျှောက်ရတဲ့ဘ၀ကို ရောက်နေပြီ။
ဘတ်(စ်)ကားတောင်မစီးနိုင်တော့တဲ့ ဘဝ ရောက်သွားပြီဆိုတာကို
အားလုံးသိစေချင်တယ်။ ပြည်သူတွေတရပ်လုံးကော တကမ္ဘာလုံး ကို သိစေချင်တယ်။
ဒီအစိုးရတခုထဲမကပါဘူး၊ တကမ္ဘာလုံးကို သိစေချင်ပါတယ်။ ကျနော်တို့က
တတ်နိုင်တာ လောလောဆယ်ဆယ် ပြည်သူဘဝဟာ ဘယ်လိုရှိတယ်ဆို ကျနော်တို့ တသား
တည်းကျအောင် နေပြရင်းနဲ့ ပြည်သူ့ဘဝကို ဖော်ညွှန်းဖို့က
အရေးကြီးဆုံးပဲလေ” ဟု ဆိုသည်။
ယခုကဲ့သို့
ငြိမ်းချမ်းသေ၀ပ်စွာ ဆန္ဒပြနေခြင်းသည် လက်ရှိ ပကတိဘဝကို
ဖော်ညွှန်းနေခြင်းသာ ဖြစ်ပြီး အာဏာပိုင်များအနေဖြင့် ရိုင်းစိုင်းစွာ
ပြုမူခြင်းများ မရှိသေးဘဲ ကိုယ့်အိမ် ပြန်သည့် အတွက်ကြောင့်
ထိုလုပ်ရပ်အပေါ် တုန့်ပြန်လာပါကလည်း တည်ငြိမ်စွာဖြင့် ရင်ဆိုင်ရန်
အသင့်ရှိသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
“ကားခတွေ မတတ်နိုင်တော့လို့
လမ်းလျှောက်ပြီးပြန်တဲ့လူကိုဗျာ ကြိုက်သလို အာဏာပိုင်က ပြုမူပေါ့ဗျာ၊
ကျနော်တို့ တည်တည်ကြည်ကြည် ရင်ဆိုင်ဖို့ပဲ ရှိတာပေါ့၊ ဒါပါပဲ။
ကျနော်တို့အိမ်တွေ ကို ကိုယ့်ဖာသာကိုယ် လမ်းလျှောက်ပြီးတော့ ပြန်ကြမယ်။
အဲ့လိုပဲ သူတို့ပြည်သူတွေဘဝ သူတို့အိမ်ကိုသူတို့
လမ်းလျှောက်ပြီးပြန်ကြမယ်ဆိုရင်တော့ ကျနော်တို့ တားမှာမဟုတ်ပါဘူး” ဟု
ကိုမင်းကိုနိုင်က ဆိုသည်။
အသံဖိုင်းများ ရယူလိုပါက -
ကိုမင်းကိုနိုင်၏ အသံ
အမျိုးသမီးတဦး၏ အသံ |