Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကျွဲသမားလူရမ်းကားများကြောင့် လယ်ဧက (၃၀) ပျက်ဆီး
အာဏာပိုင်များက အရေးမယူ

ဗထူး။ သြဂုတ် ၉၊ ၂၀၀၇

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် ကျေးရွားသားများပိုင် လယ်ယာမြေများထဲသို့ စားကျက်မြေ ဟုဆိုကာ ကျွဲများ မောင်းချခဲ့သဖြင့် လယ်ဧက (၃၀)ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ 

တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှ လယ်ကွက်များအတွင်းသို့ ပြီးခဲ့သည့်လ (၂၇) ရက်နေ့က ကျွဲသမားတစုက စားကျက်မြေဟုဆိုကာ မောင်းချခဲ့သဖြင့် စိုက်ပျိုးစ လယ်ယာမြေများ ပျက်စီး ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။                                   

“ဇီးဖြူကုန်းကပဲ ကိုသိန်းလွင်အပါအ၀င် ကျွဲပိုင်ရှင် (၈)ဦးက အကောင် (၃၀) ၏ကျော်ကို လယ်ထဲမောင်းထည့်လိုက်တာ။ စားကျက်မြေဆိုပြီးလုပ်တာ၊ ကျနော်တို့ ဒီလယ်တွေလုပ်လာတာ ဟိုး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ထဲက ချထားပေးတဲ့နေရာတွေ၊ နှစ်ပေါင်း ၃၀၊ ၄၀ လောက်ရှိပြီ၊ အာဏာပိုင်တွေကိုတိုင်တော့လည်း ခုထိအရေးမယူပေးဘူး၊ မင်းမဲ့စရိုက် လုပ်ချင်တာလုပ်နေတာ” ဟု လယ်သမားတဦးက ဆိုသည်။ 

စတင်ဖြစ်ပွားသည့်နေ့တွင် ကျေးရွာလူကြီးအား သွားတိုင်သော်လည်း မြို့ပေါ်တက်တိုင်ခိုင်းရာ မြို့နယ်(မယက)ဥက္ကဋ္ဌ ဦးစံသာကျော်မှ ရာဇ၀တ်မှုဖြစ်သည့်အတွက် ရဲစခန်းကိုသွားတိုင်ရန် ပြောသော်လည်း အမှုမဖွင့်ပေးပဲ လယ်သမား (၁၁)ဦးကို ကျွဲတွေကိုခုတ်မှုဖြင့် ပြန်လည်တရားစွဲ ခံခဲ့ရသည်ဟုဆိုသည်။ 

“ဖြစ်တဲ့နေ့ ၁၀ နာရီခွဲလောက်က ကျွဲတွေ လယ်ထဲဆင်းလာလို့ လယ်သူမ မစန်းနွဲ့က ဆင်းတား တာ၊ ကျွဲသမားတွေက ဓါးနဲ့ခုတ်လို့ လက်သကြွယ်နဲ့ လက်ခလယ် ပြတ်သွားတယ်၊ အဲ့ဒါနဲ့ ဆေးရုံသွားပို့ပြီး ရဲစခန်းသွားတိုင်တော့ (ရယက)အဖွဲ့က ရဲစခန်းမှာ ကျနော်တို့ လယ်သမား တွေကို ကျွဲခုတ်မှုနဲ့ တရားစွဲတယ်၊ ခု အာမခံနဲ့ပြန်လွတ်လာတာ၊ မစန်းနွဲ့က တွံတေးဆေးရုံ ပေါ်မှာ” ဟု  လယ်ယာမြေဖျက်ဆီးခံရသူ လယ်သမားတဦးက ဆိုသည်။ 

အောက်ခြေ (မယက)နှင့် (ရယက)များက ယခုလိုမျိုးလုပ်နေသည့် အဖြစ်အပျက်များမှာ နေရာ အနှံ့ တွေ့မြင်နေရပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို သွေးအေးအေးဖြင့် စောင့်ကြည့်နေခြင်း မှာ ဥပေဒေအရ မသင့်တော်သည့်ကိစ္စဖြစ်ကာ အချိန်မှီ မဆောင်ရွက်ခဲ့သဖြင့် လက်ရောက် ကျူးလွန်မှုအထိ ဖြစ်လာကြောင်း ရှေ့နေဦးအောင်သိန်းက ဆိုသည်။ 

“ခံရတဲ့သူက ဥပေဒေရဲ့ခံစားခွင့်ကို နောက်ကလိုက်ရတယ်။ ကျူးလွန်တဲ့သူက သူ့တို့ကျွဲတွေကို ဓါးနဲ့ခုတ်ပါတယ် ပြောရုံလောက်နဲ့ အမှုလက်ခံစစ်နေတယ်၊ ခံရတဲ့သူတွေက နောက်ကို ရောက် သွားပြီး ကျူးလွန်တဲ့သူတွေက တရားခွင်မှာ တရားလိုတွေဖြစ်နေတာ ကျနော် တော်တော် များများ တွေ့နေရတယ်၊ အံ့အားသင့်တယ်ဗျ၊ ဒါတွေက သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေမှာ မူတည်တယ်၊ အဲ့လိုမှမဟုတ်ရင် လယ်သမားတွေပြဿနာ၊ လယ်ယာမြေ ပြဿနာတွေ ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ” ဟု ဦးအောင်သိန်းက ဆိုသည်။

ရှေးရိုးအစဉ်အလာအရ ယခုကိစ္စမျိုးသည် ရွာလူကြီးများက ခေါင်းအေးအေး စဉ်းစားဖြေရှင်းကာ ရုံးနှင့်ဂတ်မရောက်ပဲ ပြေလည်သွားတာတွေ ရှိခဲ့သော်လည်း ကျေးရွာသားအများစု ထောက်ခံမှု မရပဲ အာဏာပိုင်များခန့်အပ်သည့် ရွာလူကြီးများဖြစ်လာသောအခါ အာဏာပိုင်အမိန့်ကိုသာ နာခံ၍လား၊ လုပ်ချင်တာလုပ်နေတာလားဆိုတာကို စဉ်းစားရခက်လာကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org