Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ပြည်သူအတွက်အကျိုးရှိလျှင် ဆက်လက် ဆန္ဒဖော်ထုတ်သွားမည်ဟုဆို

ဗထူး။ သြဂုတ် ၃၁၊ ၂၀၀၇  

တကိုယ်တော် ပိုစတာကိုင်ဆန္ဒပြသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ပုသိမ်မြို့မှ ဦးအေးဝင်းက ပြည်သူအတွက်အကျိုးရှိလျှင် ဆက်လက် ဆန္ဒဖော်ထုတ်သွားမည်ဟု ယနေ့ ပြောဆိုလိုက်သည်။ 

ယခုလ (၂၄) ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် လောင်စာဆီမြင့်တက်လာမှုကို ကန့်ကွက်သည့် တကိုယ်တော်ဆန္ဒပြသူ ဦးအေးဝင်းအား အာဏာပိုင်များက ယမန်နေ့ညက ပြန်လည်လွှတ်ပေးလိုက်ပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

ဦးအေးဝင်းသည် ပုသိမ်မြို့၊ ရွှေပြည်သာဈေးသို့ လမ်းလျှောက်ဆန္ဒပြခဲ့ရာ ရဲသတင်းအထူးတပ် ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် (၇) ရက်မြောက်နေ့တွင် အမှတ် (၃) ရယကရုံးမှ နေအိမ်သို့ ပြန်လွှတ် ပေးလိုက်ခြင်းဖြစ်သည်။ 

“မနေ့ည (၁၂) နာရီမှာ ပြန်လွတ်လာတာ၊ ညပိုင်းမှာ မယကဥက္ကဋ္ဌနဲ့ မြို့နယ်ရဲမှူးတို့က လာညှိ တာလေ၊ ဥပဒေဘောင်အတွင်းက လုပ်ပါပေါ့။ ကျနော်လုပ်တာလည်း ဥပဒေ ဘောင်ထဲက ပဲလေ။ ခံဝန်လက်မှတ်ထိုးခိုင်းတယ်။  ဥပဒေဘောင်အတွင်းက လုပ်မယ်ဆိုတာပေါ့။ ထိုးလိုက် တယ်”ဟု ဦးအေးဝင်းက ဆိုသည်။ 

အာဏာပိုင်များက ထိန်းသိမ်းထားစဉ်ကာလအတွင်း ကောင်းမွန်စွာထားပြီး စစ်ဆေးမေးမြန်းမှု များလည်း မပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ဦးအေးဝင်းသည် ၂၀၀၃ ခုနှစ်၊ ဇွန်လအတွင်းကလည်း ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တကိုယ်တော်ဆန္ဒပြခဲ့သည့်အတွက် အာဏာပိုင်များ ၏ ထောင်ချအရေးယူခြင်း ခံခဲ့ရသည်။ 

လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်မားမှုအတွက် နေရာအနှံ့ ဆန္ဒပြမှုများဖြစ်ပေါ်နေပြီး ယခု ပြန်လွတ်လာသည့်နောက်တွင်လည်း ဆက်လက်လုပ်ဆောင်မည့်အကြောင်း ဦးအေးဝင်းက “ဥပဒေ ချိုးဖောက်တဲ့အလုပ်မဟုတ်ဘူး၊ ယုံကြည်တာကတော့ ပြည်သူလူထုအတွက် အကျိုးရှိမယ်ဆိုရင် ကျနော်ဆက်လုပ်မှာပဲ၊ ဒီအတိုင်းပဲ ကျနော်ရပ်တည်မှာပဲ”ဟု ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org