|
ပြည်သူများအပေါ် သတ်ဖြတ်ကျူးလွန်မှုများ
ပိုဖြစ်လာ
ဗထူး။
သြဂုတ် ၁၇၊ ၂၀၀၇
အမှုအမှန်အတိုင်း ဖော်ထုတ်မှုမရှိသောကြောင့် ၀န်ထမ်းများက
ပြည်သူအများအပေါ် သတ်ဖြတ် ကျူးလွန်မှုများ ပိုမိုများပြားလာနေကြောင်း
ရှေ့နေဦးအောင်သိန်းက ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် ရဲစခန်းများအတွင်း
သေဆုံးမှုများတွင် အမှုအမှန်အတိုင်း ဆေးစစ်ချက်များ
မဖော်ထုတ်ခဲ့ခြင်းများကို ရည်ညွှန်းကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ယခုလ (၁၄)
ရက်နေ့တွင် မြင်းခြံမြို့၊ အမှတ်(၁) ရဲစခန်းအတွင်း
စစ်ပြေးတရားခံဟုဆိုကာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် အဆိုပါမြို့ (၁၉)
ရက်ကွက်တွင်နေထိုင်သူ ကိုအောင် (ခ) အာကာပိုင်ဆိုသူ အသက် (၂၅)နှစ်သည်
ရဲစခန်းအတွင်း သေဆုံးသွားခဲ့သည်။
သေဆုံးသွားသူအား အဆိုပါနေ့ နေ့လည် (၃)နာရီအချိန်တွင်
သင်္ဂြိုလ်ခဲ့သည့်အတွက် အမှတ် (၁) ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်အား
မေးမြန်းခဲ့ရာ မိမိကိုယ်ကို ဆွဲကြိုးချ သေဆုံးသွားခဲ့
ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း မြင်းခြံမြို့ခံများက
ရဲစခန်းအတွင်း လက်လွန်မှု ကြောင့် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။
မြင်းခြံ
အမှတ်(၁) ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ် ၀င်းဇော်က “သူက (လကရ) (၈) က
ပြေးတာ။ တပ်ပြေး ကြေညာထားတယ်ခင်ဗျ။ သူဝတ်နေကျ ပုဆိုးအပိုနဲ့ သူ့ဘာသာသူ
ဆွဲကြိုးချ သေတာပါ။ သူ့ကိုခေါ်ထုတ်တာလည်း မရှိပါဘူး၊ စစ်ဆေးတာလည်း
မရှိပါဘူး၊ (၁၄)ရက်နေ့ မနက်မှာ သေတယ်၊ (၁၄) ရက်နေ့မှာပဲ သင်္ဂြိုလ်တယ်”ဟု
ဆိုသည်။
မြင်းခြံမြို့ ဆေးရုံမှ တာဝန်ကျ ဝန်ထမ်းကလည်း သူ့တွင်
ပြောပိုင်ခွင့်မရှိကြောင်း၊ ဆေးစာတွင် မြင်ရသည့် မှတ်ချက်မှာ
ဆွဲကြိုးချသေဆုံးသည်ဟု ဖော်ပြထားသည်ကို တွေ့ရပြီး မြို့နယ်ရဲမှူးမှ
တောင်း၍ ရဲစခန်းသို့ ဆေးစာပေးပို့လိုက်သည်ဟု ဆိုသည်။
“အမှန်က
လူသတ်မှုကိစ္စရပ်က လူသတ်မှုလို့ သက်ဆိုင်ရာ ဆရာဝန်ရဲ့မှတ်ချက်က အဲ့ဒီလို
အမှုတွေမှာ သိပ်ပြီးတော့ အရေးကြီးတယ်။ သို့သော် ဆရာဝန်တွေကလည်း
အဲ့လိုနဲ့ပတ်သက် လာတဲ့ ဟာတွေကို အမှန်အတိုင်း ဖော်ထုတ်တာ
ကျနော်သိရသလောက်ဆိုရင် အမှုတထောင်မှာ တယောက်နှစ်ယောက်တောင်
မရှိဘူးလို့ထင်တယ်။ အဲ့တော့ တင်လာတဲ့အတိုင်းကို ကြည့်ပြီး တော့ သူတို့က
ဒါ သဘာဝအတိုင်းသေဆုံးတာတို့၊ ရောဂါနဲ့ သေဆုံးတယ်ဆိုတဲ့ပုံသဏ္ဍန်နဲ့ပဲ
ဇာတ်တွေသိမ်းသွားကြတာပဲ” ဟု ရှေ့နေဦးအောင်သိန်းက ဆိုသည်။
ယခုလ (၈)
ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြိ့နယ်ရဲစခန်းတွင်
ပစ္စည်းခိုးမှုဖြင့် ချုပ်နှောင်ခံထားရသည့် ခင်မောင်ထွန်း (ခ)
မောင်ထွန်းဆိုသူသည် ရဲစခန်းအတွင်း ရိုက်နှက် စစ်ဆေးရာမှ
လက်လွန်မှုကြောင့် သေဆုံးသွားခဲ့ရာ မြို့နယ်ရဲမှူးမှ အရက်ပြတ်သည့် ရောဂါ
ကြောင့် ဆေးရုံတွင် သေဆုံးခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ပြီး
အင်းတော်ဆေးရုံမှ ဆရာဝန်က တရားဝင် ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။
ယခုကိစ္စရပ်များသည် လက်လှမ်းမီ၍သာ သိရသော်လည်း အခြားနေရာများတွင်
များစွာ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ချင်းပြည်နယ်အတွင်းတွင်
အဆိုပါအမှုများ ကြားသိနေရကြောင်း၊ မသင်္ကာမှုဖြင့်
ဖမ်းဆီးသတ်ဖြတ်မှုများလည်း ရှိကြောင်းနှင့် တခါတရံ စစ်ဆေးစဉ် လက်လွန်ကာ
သေဆုံးသွားမှ ရဲစခန်းသို့အပ်နှံပြီး
ဆေးရုံပို့ခဲ့သည်များလည်းရှိကြောင်း ဦးအောင်သိန်းက ဆိုသည်။
တရားဥပဒေစိုးမိုးမှုတွင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအာဏာများနှင့်
သက်ဆိုင်ပြီး ပြည်သူ့ရဲဟု အမည်ခံလျှင် ယင်းတို့ကိုယ်၌က
အမှန်တရားကိုဆောင်ရွက်ပေးရန် လိုအပ်သလို ပြည်သူဘက် မှလည်း
အမှန်တရားဖော်ထုတ်ရန် လိုအပ်ပြီး ရဲရဲဝံ့ဝံ့ တိုင်ကြားမှုများ
မလုပ်ဆောင်နိုင်သည့် အတွက် ယခုလိုအဖြစ်အပျက်များ
ပိုမိုပေါ်ပေါက်နေရသည်ဟု ဆိုသည်။
“ရဲစခန်းမှာဖြစ်တဲ့ သေမှုသေခင်းကို ပုံဖော်တဲ့သူတွေမှာ အများကြီး
တာဝန်ရှိတာပဲ။ အခုက အများပြည်သူက ဒီလိုမဟုတ်ဘူးပြောရင် သူတို့က
ဒီလိုပါဆိုပြီးလုပ်တယ်ဆိုတော့ စဉ်းစားစရာ တွေ အများကြီးဖြစ်လာတာပေါ့၊
ကျနော်တို့ရဲ့ တရားစီရင်မှုအပေါ်မှာ လိုအပ်ချက်ကိစ္စရပ်တွေ ပေါ့။
ဒါတွေဖြည့်ဆည်းဖို့ဆိုတာ အတော်ကြိုးစားကြရအုံးမဲ့ ကိစ္စတွေပါ” ဟု
ဦးအောင်သိန်းက ဆိုသည်။ |