|
ကိုယ်လိုချင်တာကိုယ်ဆွဲပြီး
သတင်းစာတွင် ဖော်ပြခြင်းသာဖြစ်သည်ဟုဆို
ဗထူး။
သြဂုတ် ၂၅၊ ၂၀၀၇
စစ်အစိုးရထုတ် သတင်းစာတွင် ၀ါရင့်နိုင်ငံရေးသမားကြီးများအား
စွပ်စွဲရေးသားချက်များသည် ကိုယ်လိုချင်တာကိုယ်ဆွဲပြီး
ဖော်ပြခြင်းသာဖြစ်သည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း က
ပြောဆိုလိုက်သည်။
ယနေ့
စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာက ၈၈ မျိုးဆက်ကျောင်းသားများ၊ ၀ါရင့်
နိုင်ငံရေးသမားများ၊ CRPP အဖွဲ့ဝင်အချို့နှင့် NLD
အဖွဲ့ဝင်အချို့တို့က သံဃာတော်များ၊ တက္ကသိုလ်ကောလိပ်ကျောင်းသားများ၊
အလုပ်သမားများအတွင်း၌ အမာခံများ သွတ်သွင်း မွေးမြူပြီး
ဆူပူအုံကြွမှုနှင့် အကြမ်းဖက်ဖောက်ခွဲမှု လုပ်ရပ်များ
ဆက်စပ်ဖြစ်ပွားအောင် လုပ်ဆောင်နေသည်ဟု သတင်းများရရှိခဲ့ကြောင်း
ဖော်ပြခဲ့သည်။
နယ်စပ်ဒေသအခြေစိုက် NCUB အနေဖြင့် လူထုတိုက်ပွဲကော်မတီကို ဖွဲ့စည်းလှုပ်ရှားနေပြီး ပြည်တွင်းတွင်လည်း အဆိုပါကော်မတီအောက်တွင်
ဥပဒေတွင်း လူထုတိုက်ပွဲကော်မတီကို ဖွဲ့စည်းထားပြီး
ဖော်ပြပါအဖွဲ့အစည်းများ ပါဝင်လှုပ်ရှားနေသည်ဟု ယနေ့ထုတ် သတင်းစာ၏
သတင်းစဉ်အဖြစ် ဖော်ပြခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ အပေါ်ကရေးပေးသည့်ကိစ္စကို သတင်းစာက
ထည့်သွင်းခြင်းသာ ဖြစ်ပြီး ယခုကိစ္စကို အစိုးရကြေညာချက်လို့
ထင်မြင်ကြောင်းပြောဆိုပြီး သခင်ချန်ထွန်းက “ဘယ်လိုအကြောင်းကြောင့်
စွပ်စွဲစွပ်စွဲ ကျနော်တို့အနေနဲ့ကတော့ လုံးဝမဟုတ်မမှန်တဲ့အတွက်
လုံးဝလက်မခံဘူး။ အမှန်ကတော့ ဒါက မတရား စွပ်စွဲချက်ပဲ။ ကျနော်တို့က
လုပ်သင့်လုပ်ထိုက် တာတွေကို ထိုးထိုးပြပြီးတော့ လုပ်နေတာကို သူတို့က
မကြိုက်လို့၊ သဘောက အဲ့ဒါမျိုးလုပ်ကြံ ပြီးတော့ ကျနော်တို့ကို
စွပ်စွဲတယ်လို့ ဒီလိုပဲ ကျနော်တို့ယူဆပါတယ်။ သက်သက် မတရား လုပ်ကြံပြီး
လုပ်ကြံတဲ့ စွပ်စွဲချက်ပဲ”ဟု ဆိုသည်။
၎င်းတို့အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
တွေ့ဆုံဆွေးနွေးရေးကိုသာ အစဉ်တစိုက် တင်ပြခဲ့ပြီး အကြမ်းဖက်ဝါဒကို
တိုက်ခိုက်လာသူများဖြစ်ပြီး လက်ခံသူများလည်း မဟုတ်သလို
လောင်စာဆီဈေးနှုန်း ရုတ်တရက် မြှင့်တင်လိုက်သည့်အခါ ဆင်းရဲသည့်
ပြည်သူများ ဒုက္ခ ရောက်နေသည့်အတွက် ဈေးနှုန်းများ ချက်ခြင်း
အမြန်လျှော့ချပေးရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ
ယမန်နေ့က စာတစောင် ပေးပို့ခဲ့သည်ဟုဆိုသည်။
စစ်အစိုးရ၏
လောင်စာဆီဈေးနှုန်း မြှင့်တင်မှုကြောင့် ငြိမ်းချမ်းစွာ
ဆန္ဒဖော်ထုတ်ခဲ့သူများကို ဆူပူလိုသူများဟု စွပ်စွဲကာ ပြည်သူများက
တာဝန်ရှိသူများထံ အပ်နှံခဲ့သည်ဟုဆိုကာ ၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် အင်န်အယ်ဒီပါတီဝင် စုစုပေါင်း
(၃၇)ဦးအား ဖမ်းဆီးခဲ့သည့်စာရင်းကို ယနေ့ထုတ်သတင်းစာတွင် ဖော်ပြခဲ့သည်။
၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် အမျိုးသားညီလာခံလုပ်ငန်းများ
အောင်မြင် စွာ ဆောင်ရွက်ရေးတို့ကို
နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ ၅/၉၆ နှင့်
အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍
ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေ ခြင်းသည်လည်း
တည်ဆဲဥပဒေနှင့် ငြိစွန်းနေသဖြင့် သက်ဆိုင်ရာက
ခေါ်ယူမေးမြန်း စစ်ဆေး လျှက်ရှိသည်ဟု ဆိုသည်။
လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုအတွက် ဆန္ဒပြဖော်ထုတ်နေသူများကို
စစ်အစိုးရ လက်ကိုင်တုတ်များက အကြမ်းဖက် ဖမ်းဆီးနေမှုနှင့်ပတ်သက်၍
သခင်ချန်ထွန်းက “တကယ် ကျတော့ လူရမ်းကားတွေပဲ။
ဆိုးဆိုးသွမ်းသွမ်း ဆဲဆိုကြိမ်းမောင်း
ရိုက်နှက်ပြီးတော့
ဆန္ဒပြတဲ့ လူတွေကို သူတို့ ဖမ်းကြဆီးကြတာပဲ။ သူတို့ဖမ်းဆီးပြီးတော့
တာဝန်ရှိတဲ့လူတွေကို အပ်တယ်လို့ ဆိုတယ်။ အခုဟာက မင်းမဲ့စရိုက်သဘောမျိုး ဖြစ်နေတယ်။ သူတို့နောက်က ဘယ်သူတွေ ရှိတယ်ဆိုတာလည်း
ဒီဘက်က မြင်နေတွေ့နေတယ်။ တာဝန်ခံတွေအကြိုက် ဒီလူတွေကလည်း လိုက်လုပ်နေတယ်လို့ ကျနော်တို့က ဒီလိုမြင်တယ်။ အမှန်ကတော့
ဒါတွေက မလုပ်အပ်၊ မလုပ်ထိုက်၊ မလုပ်သင့်တဲ့ လုပ်ငန်းတွေပါ။ ဒါမျိုးတွေကို
ခိုင်းနေရင် တိုင်းပြည်မှာ ကြပ်တည်း သထက် ကြပ်တည်းလာပြီးတော့
အင်မတန်ကို ဆိုးဝါးတဲ့အခြေအနေ ရောက်သွားနိုင်ပါတယ်” ဟု ဆိုသည်။
|