|
ဘုရားသုံးဆူဂိတ်ကို ခဲသယ်ရန်
ယာယီပြန်ဖွင့်
ဉာဏ်မောင်။
သြဂုတ် ၂၉၊ ၂၀၀၇
ထိုင်းနိုင်ငံ အနောက်ပိုင်းဒေသတွင်ရှိသော ထိုင်း-မြန်မာနယ်စပ်
ဘုရားသုံးဆူဂိတ်ကို လွန်ခဲ့ သော (၅)လခန့်က ပိတ်ထားရာမှ အင်္ဂါနေ့က
ပြန်လည်ဖွင့်လှစ်ကြောင်း ထိုင်းသတင်းဌာန (TNA)တွင် ဖေါ်ပြထားသည်။
ဘန်ကောက်မြို့အနောက်မြောက်ဘက် ကီလိုမီတာ (၃၅၀)အကွာရှိ
ကန်ချနဘူရီခရိုင်တွင်း ဘုရားသုံးဆူနယ်စပ်ဂိတ်ကို စစ်အစိုးရ၏အမိန့်အရ
မြန်မာအာဏာပိုင်များသည် ထိုင်းအာဏာ ပိုင်များနှင့် တွဲ၍ နယ်စပ်ဂိတ်ကို
ပြန်လည်ဖွင့်လှစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။
“ထိုင်းဘက်က
တောက်လျှောက်ဂိတ်ဖွင့်ထားတယ်။ ဗမာဘက်ကပဲ ပိတ်ထားတာ၊ အခုဖွင့်တာ ကလည်း
မြန်မာနဲ့ လုပ်နေတဲ့ န၀ရတ်ကုမ္ပဏီက ခဲလက်ကျန်တွေသယ်ဖို့ပဲ ဗမာဘက်က
ဖွင့် တာ။ ဒါလည်း (၂၈) ရက်နေ့ကနေ နောက်လ (၆) ရက်နေ့ထိပဲ ဖွင့်တာ၊
ပြီးရင်ပြန်ပိတ်မှာ”ဟု ဒေသခံတဦးက ဆိုသည်။
ခဲမဖြူသတ္တုထွက်ရှိရာ အဆိုပါ မိုင်းလုပ်ငန်းမှာ သပြုခဲမိုင်းဟု
အများသိကြပြီး ဘုရားသုံးဆူနှင့် မိုင်အနည်းငယ်သာကွာသည့် (KNU) တပ်မဟာ
(၆) ထိန်းချုပ်ထားသည့် မဲ့ကသာ၏ အထက် ဘက်တွင် ရှိသည်။
“နယ်စပ်ဖြတ်သန်းမှုအနေနဲ့ လူတွေတော့ ဖြတ်လို့မရသေးဘူး၊ ကုန်တွေကတော့
နားလည်မှုနဲ့ တခြားလမ်းတွေကနေ နေ့စဉ် ဝင်နေတာပါပဲ”ဟု အဆိုပါဒေသခံက
ဆိုသည်။
ဘုရားသုံးဆူနယ်စပ်ဂိတ်ကို စစ်အစိုးရက
မည်သည့်အကြောင်းပြချက်မှမရှိဘဲ လွန်ခဲ့သည့် (၅)လမှစတင်ကာ တဖက်သတ်
ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။ |