|
ကြက်ဆူပင်မစိုက်သူ ဒဏ်ငွေပေးရမည်
ရိုးမ ၃၊
သြဂုတ် ၁၊ ၂၀၀၇

စစ်အစိုးရ
ကြက်ဆူပင်စီမံကိန်းအဖြစ် မကွေးတိုင်းရှိ ပြည်သူများမှာ အဓမ္မလုပ်အားပေး
ခိုင်းစေ ခံနေရပြီး မလုပ်ကိုင်သူများ ဒဏ်ငွေများပေးဆောင်နေရသည်။
ယခုလ (၉)
ရက်နေ့က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှ
ကျေးရွာသားများ အား အဓမ္မလုပ်အားပေး ဆင့်ခေါ်ကာ ကြက်ဆူပင်များ
စိုက်ပျိုးရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။
“ရေပြာရဲတပ်ဖွဲ့စခန်းမှူး
ဦးအုံးရွှေရယ်၊ ရယကဥက္ကဋ္ဌ ဦးသိန်းအောင်တို့က (၈) ရက်နေ့ ကတည်းက
ရွာဆော်တွေနဲ့ လိုက်အော်ခိုင်းတာ။ မလိုက်တဲ့သူ ဒဏ်ငွေ (၂,၀၀၀)
ပေးရမယ်လို့ ပြောတယ်” ဟု ဒေသခံတဦးက ဆိုသည်။
တအိမ်ထောင်လျှင်တယောက် မလိုက်မနေရစနစ်ဖြင့် ကားလမ်းဘေး ၀ဲယာတလျှောက်
အဓမ္မ စိုက်ပျိုးခိုင်းစေခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေမပေးဆောင်နိုင်သည့်
ပြည်သူများမှာ တအိမ်ထောင်လျှင် ကြက်ဆူပင် (၂၀၀)နှုန်းဖြင့်
စိုက်ပျိုးခဲ့ရသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရ၏
ကြက်ဆူပင်စီမံကိန်းသည် နိုင်ငံအနှံ့ တိုင်းခရိုင်အလိုက် သတ်မှတ်ဧကနှုန်း
ပြည့်မှီ အောင် စိုက်ပျိုးရန် အထက်အာဏာပိုင်များ၏ ညွှန်ကြားချက်ကြောင့်
ပြည်သူအများမှာ အချို့ ဒေသများတွင် ကြက်ဆူပျိုးပင်၊
စိုက်ပျိုးရာတွင်အသုံးပြုသည့် ပလစ်စတစ်အိတ်ငယ်နှင့် မျိုးစေ့
များကိုပင် ကိုယ်တိုင်ဝယ်ယူ စိုက်ပျိုးနေရသည့်အပြင်
အာဏာပိုင်အဆင့်ဆင့်၏ ဒဏ်ငွေ တောင်းခံမှုများကိုလည်း ပေးဆောင်နေကြရသည်။
အဓမ္မခိုင်းစေခြင်းမပြုရန် အာဏာပိုင်အဆင့်ဆင့်အား စစ်အစိုးရက ၁၉၉၉
ခုနှစ်တွင် ၁/၉၉ ဖြင့် အမိန့်ထုတ်ပြန်ကာ ညွှန်ကြားခဲ့သော်လည်း
လက်တွေ့တွင်မူ အဓမ္မခိုင်းစေခြင်းကို နေရာအနှံ့ ကျူးလွန်နေဆဲဖြစ်သည်။ |