|
မျိုးစေ့ဝယ်ခိုင်း၍ ကြက်ဆူပင်
အဓမ္မစိုက်ပျိုးခိုင်းစေ
ဗထူး။
သြဂုတ် ၂၊ ၂၀၀၇

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အာဏာပိုင်များက
အိမ်ထောင်စုအလိုက် ကြက်ဆူပင်စိုက်ပျိုးရန် အဓမ္မခိုင်းစေခြင်းတွင်
ပြည်သူများက မျိုးစေ့များ ၀ယ်ယူစိုက်ပျိုးခဲ့ရ သည်။
စစ်အစိုးရ၏
ကြက်ဆူပင်စိုက်ပျိုးသည့် စီမံကိန်းအတွက် အဆိုပါဒေသခံများက ကြက်ဆူပင်
မျိုးစေ့များကို ငွေကြေးအကုန်အကျခံ ဝယ်ယူ၍
စိုက်ပျိုးခဲ့ရခြင်းဖြစ်သည်။
“ထန်းပင်ကန်ရွာက ရယကဥက္ကဋ္ဌ ဦးချစ်ဆွေ၊ အဖွဲ့ဝင် ကိုထွန်းထွန်းရယ် စာရေး
ကိုဟန်ထွန်းအောင်တို့က ရွာသားတွေကို မြေတူးခိုင်းတယ်။ အားလုံး လူ
(၅၀၀)လောက် အလုပ်သွားလုပ်ပေးနေရတာ။ ခုလ (၅)ရက်နေ့က စနေတာပဲ”ဟု
ဒေသခံရွာသားက ဆိုသည်။
အဆိုပါကျေးရွာကို
ပြည်ခိုင်ဖြိုးရွာ (ထန်းပင်ကန်)ဟုခေါ်ဆိုစေပြီး ယခု
ကြက်ဆူပင်စိုက်ပျိုးရာတွင် ရွာသားများအနေဖြင့် ကြက်ဆူ မျိုးစေ့
နို့ဆီဗူးတဗူးလျှင် (၄၀၀)ကျပ်ဖြင့် မဖြစ်မနေဝယ်ယူကာ စိုက်ပျိုးနေရသည်ဟု
၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရ
တာဝန်ရှိသူများက ပြည်နယ်နှင့်တိုင်းအလိုက်
ကြက်ဆူပင်စိုက်ပျိုးပွဲတော်ဟု ခေါ်ဆို သည့် လုပ်ရပ်များကို အကျယ်တ၀င့်
ဖော်ပြနေသည့်သတင်းများတွင် ဌာနဆိုင်ရာများ၊ ၄င်းတို့ ဖွဲ့စည်းထားသည့်
အသင်းအပင်းများနှင့် ပြည်သူများအနေဖြင့် အသိစိတ်ဓါတ်ဖြင့် လာရောက်
စိုက်ပျိုးနေသည်ဟု ဖော်ပြနေသော်လည်း လက်တွေ့တွင်မူ အဓမ္မလုပ်အားပေး
ခိုင်းစေခံနေရ ခြင်းဖြစ်သည်။
နိုင်ငံအနှံ့ ကြက်ဆူပင်စိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲမှ
လမ်းညွှန်ထားသည်ဟုဆိုကာ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအလိုက်
သတ်မှတ်ဧကပြည့်မှီအောင် စိုက်ပျိုးဖြစ်ထွန်းရေးအတွက် သက်ဆိုင်ရာ
အာဏာပိုင်အဆင့်ဆင့်က ပြည်သူများအား ဖိအားပေးခိုင်းစေနေရာ အိမ်ထောင်စု
အလိုက် သတ်မှတ်ပင်ရေအတိုင်း စိုက်ပျိုးနေရပြီး
မစိုက်ပျိုးနိုင်သူများအနေဖြင့် ဒဏ်ငွေများ ပေးဆောင်နေကြရသည်။
|