|
ကျောင်းသားနှင့်ပြည်သူ
လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ပုသိမ်တက္ကသိုလ်ကျောင်းသားများ ပြောဆို
ဗထူး။
သြဂုတ် ၇၊ ၂၀၀၇
စစ်အာဏာရှင်စနစ် ဆုံးခန်းတိုင်ပျောက်ဆုံးသွားသည်အထိ ခေတ်အဆက်ဆက်
နောင်တော် ကျောင်းသားများ၏ စိတ်ဓါတ်နှင့် သဘောဆန္ဒအတိုင်း
တိုက်ပွဲဝင်သွားရန် ယနေ့ ပုသိမ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ယာယီ) က
တိုက်တွန်းလိုက်သည်။
မနက်ဖြန်တွင် ကျရောက်မည့် (၁၉)နှစ်မြောက် (၈)လေးလုံး
လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် အဆိုပါသမဂ္ဂက ထုတ်ပြန်ကြေညာကာ
တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အထူးသဖြင့်
ပညာရေးကဏ္ဍတွင် စစ်အစိုးရမှ ယင်းတို့စိတ်ကြိုက် ဖြုတ်၊ ထုတ်၊ ဖျက်
စနစ်ကို ကျင့်သုံးခဲ့ပြီး အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ပြုလုပ်နေသည်မှာ
ကိုလိုနီခေတ်ပညာရေး ကဲ့သို့ ဖြစ်နေပြီး
အနာဂတ်မျိုးဆက်သစ်လူငယ်ကျောင်းသားများအား စာရိတ္တပိုင်းဆိုင်ရာအပြင်
အဖက်ဖက်မှ ပျက်စီးယိုယွင်းအောင် ပြုလုပ်နေသည်ဟု ဆိုသည်။
တက္ကသိုလ်အဆင့်ရှိ ကျောင်းများတွင် ၂ လုံး ၃ လုံး ချဲထီ၊
ဘောလုံးပွဲဒိုင်များအပြင် မူးယစ် ဆေးဝါးများကို သက်ဆိုင်ရာ
အဏာပိုင်များက အခကြေးငွေယူကာ ရောင်းဝယ်ခွင့်ပြုထားသလို တက္ကသိုလ်၊ GTC,
GTI အစရှိသည်တို့မှာလည်း ကမ္ဘာ့အဆင့်ကိုမဆိုထားနှင့် အရှေ့တောင်အာရှ
ကျောင်းများအဆင့်ကိုပင် မမှီတော့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
တက္ကသိုလ်ကျောင်းများအား မြို့နှင့်ဝေးလံသော နေရာများသို့
ရွှေ့ပြောင်းခဲ့သလို ကျောင်းနေ ကျောင်းသားတိုင်း
အဆောင်နေခွင့်မရှိတော့ပဲ ပညာရေးစရိတ်မှာလည်း အဆမတန်မြင့်တက် နေရာ
အဆိုပါ ဆုံးရှုံးနေသော အခွင့်အအရေးများကို တင်ပြတောင်းဆိုနိုင်ရန်
ကျောင်းသား သမဂ္ဂကိုလည်း စစ်အစိုးရက တရားဝင်ဖွဲ့စည်းခွင့်မပေးဟု
ဆိုသည်။
ထို့အပြင်
စစ်အစိုးရဖွဲ့စည်းထားသော ကြံ့ဖွံ့၊ မီးသတ်၊ ပြည်သူ့စစ်၊ စွမ်းအားရှင်၊
အမျိုးသမီး ရေးရာ၊ အမျိုးသမီးစွမ်းဆောာင်ရှင်များဆိုသည့်
အဖွဲ့များကိုလည်း ကျောင်းသားနှင့်ပြည်သူများ က
ကြောက်ရွံနေရသည့်အဖြစ်မျိုးနှင့် ကြုံတွေ့နေရသောကြောင့်
ပြည်သူများ၏အရေးသည် ကျောင်းသားများ၏အရေးသာ ဖြစ်သဖြင့်
စစ်အာဏာရှင်စနစ်အား ဆုံးခန်းတိုင်အောင် ပပျောက် သွားသည်အထိ
တိုက်ပွဲဝင်သွားရန် ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ယာယီ) က ယခုလ (၈)
ရက်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်တိုက်တွန်းခဲ့သည်။ |