|
လွှတ်တော်ကိုယ်စားလှယ်တဦး ဦးစီးသည့်
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲ ပဲခူးတွင်ဖြစ်ပွား
ဗထူး။
သြဂုတ် ၂၇၊ ၂၀၀၇
လောင်စာဆီနှင့် ကုန်ဈေးနှုန်းများ ကျဆင်းရေးအတွက် ရွေးကောက်ပွဲအနိုင်ရ
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဦးဆောင်သည့် ဆန္ဒပြပွဲ ယနေ့နံနက်က
ပဲခူးမြို့တွင် ဖြစ်ပွားခဲ့ သည်။
လောင်စာဆီဈေးမြင့်တက်ခြင်းနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်လာမှုအတွက်
ပြည်သူ့ အကြပ်အတည်းကို ကိုစားပြု ဆန္ဒဖော်ထုတ်မှုများ
နိုင်ငံအနှံ့ဖြစ်ပေါ်နေစဉ် ယနေ့နံနက် (၉) နာရီက ပဲခူးမြို့ပေါ်တွင်
ငြိမ်းချမ်းစွာဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သနပ်ပင်၊
ဝေါ၊ က၀နှင့် ပဲခူး စသည့် လေးမြို့နယ် ပူးပေါင်းဆန္ဒဖော်ထုတ်ပြခြင်းကို
ပဲခူးတိုင်း၊ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရွှေ
ဦးဆောင်သည့် အင်န်အယ်ဒီပါတီဝင် (၃၀) ခန့်ဖြင့် ပဲခူးမြို့ဈေးမှ
စတင်လမ်းလျှောက်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများမှာ ပဲခူးဈေးကြီးမှ မင်းလမ်း (ခေါ်) ရန်ကုန်-မန္တလေးမကြီးမှ
နာရီစင်သို့၎င်း၊ ထိုနောက် သနပ်ပင်လမ်းအတိုင်းလျှောက်ကာ ပဲခူးမြို့အထင်ကရ
ရွှေမော်ဓေါဘုရားဈေးအထိ လမ်းလျှောက်က လာလမ်းအတိုင်းပြန်လျှောက်လာစဉ်
ပြည်သူအများက ၀န်းရံအားပေးခဲ့ကြ သည်။
“၀ိုင်းရံပေးတာပါ။ လူထုက ထောင်နဲ့ချီရှိလိမ့်မယ်။ ပလက်ဖောင်း
ဟိုဘက်ဒီဘက်ပေါ့လေ။ ဆိုင်ကယ်တွေ၊ စက်ဘီးတွေနဲ့လိုက်၊ အဲ့လိုပေါ့။
ကျနော်တို့က ပြည်သူလူထုကို ရုတ်တရက် မြင့်တက်သွားတဲ့
လောင်စာဆီမြင့်တက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု အဲ့ဒါတွေနဲ့ပတ်သက်တဲ့
ပြည်သူတွေ ခံစားနေရတဲ့ လူမှုဒုက္ခတွေကို ကိုယ်စားပြုပြီးတော့
ဆန္ဒဖော်ထုတ်တဲ့အနေနဲ့ လမ်လျှောက်ပါတယ်လို့ ရှင်းပြတယ်။ ပြည်သူတွေက
လက်ခုတ်တီး အားပေးတာလည်းရှိတယ်။ မုန့်တွေ၊ ရေသန့်ဗူးတွေ
ဝေပေးတာရှိတယ်” ဟု လမ်းလျှောက်ဆန္ဒပြဖော်ထုတ်ရာတွင် ပါဝင် သည့်
(NLD)ပါတီဝင်တဦးက ဆိုသည်။
လမ်းလျှောက်သူများကို ပဲခူးမြို့၊ လမ်း (၃၀) လိပ်ပြာကန်ရှေ့အရောက်တွင်
ပဲခူးမြို့(မယက) ဥက္ကဋ္ဌ ရောက်ရှိလာပြီး အင်န်အယ်ဒီပါတီဝင်များကို
ဆွေးနွေးရန် (မယက)ရုံးသို့ ခေါ်ဆောင် သဖြင့် (NLD)ပါတီဝင် (၃၁)ဦး
လိုက်ပါသွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပဲခူးမြို့
နာရီစင်တ၀ိုက်တွင် အရပ်ဝတ်ဖြင့် ကြံ့ဖွံ့နှင့် စွမ်းအားရှင် အင်အား
(၂၀၀)ခန့် စောင့်ဆိုင်းနေပြီး နောက်နှင့် လမ်းဘေးဝဲယာမှ အားပေးနေသည့်
ပြည်သူလူထု၏ အင်အား ကြောင့် အနှောင့်အယှက်မပေးခြင်း ဖြစ်နိုင်သည်ဟု
လိုက်လံကြည့်ရှုခဲ့သူ ပဲခူးမြို့ခံတဦးက ဆိုသည်။
(မယက)ဥက္ကဋ္ဌ
ဦးအောင်ရွှေမြင့်မှ ယခုလို လမ်းလျှောက်ခြင်းသည် လူထုကို အထိတ်တလန့်
ဖြစ်စေပြီး ယခု ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အားလုံးခံစားနေရသလို
သူတို့လည်း ခံစားနေရ ကြောင်း၊ အင်န်အယ်ဒီပါတီဝင်များက ငြိမ်းချမ်းစွာ
ဆန္ဒဖော်ထုတ်သည်ကို လက်ခံကြောင်း နောက်မလုပ်ရန် လက်မှတ်ထိုးခိုင်းသည်ဟု
ဆိုသည်။
“(မယက)ဥက္ကဋ္ဌက
သူ့အနေနဲ့ ဒါဟာ အားလုံးခံစားနေရတာပေါ့နော်၊ ကုန်ဈေးနှုန်းတက်တာ
ကျနော်တို့လည်း ခံစားရပါတယ်ပေါ့နော်၊ ကျနော်တို့အားလုံး အတူတူပါပဲ၊
ဒါပေမဲ့ ခင်ဗျားတို့ လုပ်တာက ပြည်သူ အထိတ်တလန့်ဖြစ်တယ်ပေါ့၊
လမ်းပိတ်ဆို့မှုတွေ ဖြစ်တယ်ပေါ့။ ကျနော် တို့က စံနစ်တကျ စည်းကမ်းရှိရှိ
လုပ်တာဖြစ်တယ်။ ပြည်သူကို အထိတ်တလန့်ဖြစ်အောင် ကြွေးကြော်တာလည်း
မလုပ်ပါဘူး။ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာကို ဥက္ကဋ္ဌတို့
လက်ခံလားလို့ မေးတော့ လက်ခံပါတယ်လို့ ပြောတယ်။ နောက်မလုပ်ဖို့
ခင်ဗျားတို့ လက်မှတ် ထိုးပါလို့ပြောတယ်။ ကျနော်တို့အနေနဲ့ လက်ရှိ
ကျနော်တို့တောင်းဆိုနေတဲ့ လောင်စာဆီနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးဆိုတဲ့
ကျနော်တို့ရဲ့ တောင်းဆိုမှုတွေကို အထက်အဖွဲ့အစည်းတွေကို တင်ပြပေးပါ။
ဒီလိုဆိုရင် လက်မှတ်ထိုးမယ်၊ မလုပ်ဖူးပေါ့နော်။ ချုပ်ချယ်ရင်တော့
ကျနော်တို့ လက်မှတ်မထိုးနိုင်ဘူးလို့ ပြောလိုက်တယ်”ဟု
အင်န်အယ်ဒီပါတီဝင်တဦးက ဆိုသည်။
ထို့နောက်
(မယက)ဥက္ကဋ္ဌမှ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုအတွက်
လမ်းလျှောက်ဆန္ဒ ပြပွဲကို သက်ဆိုင်ရာ အဖွဲ့အစည်းကို
အကြောင်းကြားခြင်းမရှိဘဲ လုပ်သည်ဆိုသည့် အချက်ပါ စာကို ဖတ်ပြပြီး
လက်မှတ်ထိုးခိုင်းရာ အားလုံးသဘောတူညီချက်ဖြင့် လက်မှတ်ထိုးခဲ့ပြီး
မည်သည့်ချုပ်ချယ်မှုများ မပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ကျနော်က အခုတခါတော့ နောက်ဆုတ်လိုက်တယ်ပေါ့၊ နောက်တခါဆိုရင်
ကျနော်တို့က ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်မယ်ဆိုရင်ရမလားလို့မေးတော့
အဲ့ဒါတော့ အပေါ်ကသဘောထားပဲတဲ့၊ ကျနော်တို့
ဆုံးဖြတ်ချက်မပေးနိုင်ပါဘူးတဲ့၊ (မယက)ရုံးကိုရောက်တာ ၁၀
နာရီခွဲလောက်ပါ၊ ဒီနေ့ဆန္ဒဖော်ထုတ်ပွဲကတော့ (၁၂) - (၁၅) မိနစ်လောက်မှာ
အေးအေးဆေးဆေးနဲ့ ပြီးသွား ပါတယ်”ဟု ဆိုသည်။
“၁၀ နာရီ ၄၅
လောက်ထိ လူတွေက (မယက)ရုံးရှေ့မှာ စောင့်ကြည့်နေတာ၊ စက်ကယ်တွေ ရော၊
စက်ဘီးတွေရောပဲ၊ တကယ်လို့ မထွက်လာဘူးဆိုရင်၊ ထမင်းထုပ်ပေးမယ်၊
ဒန်ပေါက်ထုပ် ပေးမယ်ပေါ့၊ နောက်တော့ လမ်းပြပုလိပ်နဲ့ ရဲတွေကနေပြီး
လူစုခွဲပါ၊ သွားကြတော့၊ ဘာမှမဖြစ် ဘူးလို့ ပြောတယ်။
တချို့ပဲသွားကြတယ်။ ကျနော်တို့ ဒီမှာပဲနေမယ် ပြောကြတယ်။ မောင်းထုတ်
လိုက် ပြန်ရောက်လာလိုက်နဲ့ပဲ။ ပြည်သူတွေက သိပ်စိတ်ဝင်စားကြတယ်” ဟု
ပဲခူးမြို့မှ (မယက)ရုံးရှေ့ထိရောက်ခဲ့သူ ကျောင်းသူတဦးက ဆိုသည်။
ပဲခူးမြို့
အင်န်အယ်ဒီအဖွဲ့ဝင် ဒေါ်ခင်ညွှန့်မူက အထက်အဆင့်သို့ တင်ပြ၍
လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆောင်ရွက်ပေးမည်ဟု
ကတိပေး၍သာ လက်မှတ်ထိုးခဲ့ခြင်း ဖြစ်ပြီး ဆောင်ရွက်ပေးခြင်းမရှိပါက
ပြည်သူများကိုယ်စား ဆက်လက် ဆန္ဒဖော်ထုတ်သွားမည် ဟု ဆိုသည်။
|