|
နအဖနှင့်တွေ့ဆုံနေသည့် (KNLA)တပ်မှူးတဦးသေဆုံးသည့်သတင်းဖြစ်ပေါ်
(KNU) မှ အတည်ပြုချက်မပေးသေး
ရိုးမ ၃။
သြဂုတ် ၁၇၊ ၂၀၀၇
စစ်အစိုးရ၏
စစ်ဦးစီးမှူးတဦးနှင့် တွေ့ဆုံနေသည့် (KNLA)တပ်ရင်း (၁၈) တပ်ရင်းမှူး
သေဆုံး ကြောင်း သတင်းဖြစ်ပေါ်ခဲ့ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ (KNU) မှ
အတည်ပြုချက် မပေး နိုင်သေးကြောင်း ပြောဆိုသည်။
အရပ်ဘက်သတင်းများအရ ယမန်နေ့က (KNLA)တပ်ရင်း(၁၈) တပ်ရင်းမှူး
ဒုတိယဗိုလ်မှူးကြီး ကြည်လင်း အနေဖြင့် စစ်အစိုးရ
အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး (ပထမတန်း) ဗိုလ်မှူးကြီး
မင်းချစ်ဦးနှင့် သွားရောက်တွေ့ဆုံပြီး အပြန်တွင် သေဆုံးခဲ့သည်ဟု
ဆိုသည်။
“ကျနော်တို့
ပထမ ကြားတာကတော့ နေ့လည်လောက်မှာတော့ သူသွားတွေ့တယ်။ သွားတဲ့ အခါကျတော့
(နအဖ)က မောင်တွေနဲ့ ဗိုလ်ထိန်မောင်တိှု့ဆီက မောင်တွေ တချို့နဲ့
သွားတွေ့ပြီး တော့မှ အဲ့ဒီမောင်တွေက သူ့ကို ပြန်မလွှတ်တော့ဘူးလို့
သတင်းကြားတယ်။ နောက် သတင်း တခုက ဘာလည်းဆိုတော့ သူက ချောင်းထဲမှာ
သေနေတယ်လို့ကြားတယ်။ ဘယ်သူမှ သွားမယူရဲဘူးတဲ့။ အဲ့လိုလည်း ကြားတယ်၊
ကျနော်တို့ အဖွဲ့အစည်းအနေနဲ့က အခုထက်ထိ အတည်ပြုလို့ မရသေးဘူး” ဟု (KNU)
အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာလာဖန်းက ဆိုသည်။
ယခု တပ်ရင်း
(၁၈) သည် ယခင်လက်နက်ချသွားသည့် တပ်ရင်း (၁၆) တပ်ရင်းမှူး
စောသမူဟဲ(ဟောင်သရော) အဖွဲ့ လက်ထက်တွင် တပ်ရင်းမှူးဖြစ်သူက
ရန်သူနှင့်တွေ့ဆုံကာ တပ်ကို အဝိုင်းခံရသည့်အတွက် မဖြစ်မနေ
လက်နက်အပ်လိုက်ရသည့် အတွေ့အကြုံရှိဖူးသည့် တပ်ရင်း ဖြစ်ပြီး
ယခုတကြိမ်တွင်လည်း အောက်ခြေ တပ်ဗိုလ်တပ်သားများက တပ်ရင်းမှူး ဒုတိယ
ဗိုလ်မှူးကြီး ကြည်လင်း၏ အခြေအနေကို စောင့်ကြည့်နေသည်ဟု ၄င်းက
ဆက်လက်ပြောဆို သည်။
ယခင်
တပ်ရင်း (၁၆) တပ်ရင်းမှူးသည် အောက်ခြေတပ်ခွဲများသို့ အသိမပေးဘဲ ၁၉၉၇
ခုနှစ်က လက်နက်ကြီးငယ်မျိုးစုံဖြင့် (KNU) ဒူးပလာယာခရိုင်
ကျိုက်ဒုံဒေသတွင် အခမ်းအနားတရပ် ကျင်းပခဲ့ပြီး စစ်အစိုးရထံ လက်နက်များ
အပ်နှံခဲ့ရာ အဆိုပါအခမ်းအနားသို့ ယခု စစ်အစိုးရ အဖွဲ့ဝင်
ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးကိုယ်တိုင် တက်ရောက်ခဲ့သည်။
ဒုဗိုလ်မှူးကြီး ကြည်လင်းသည် ယခုလ (၁၁) ရက်နေ့က ကော့ကရိတ်မြို့၊
စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၁၂) တွင် အဆိုပါစစ်အစိုးရ၏
စစ်ဦးစီး(ပထမတန်း) ဗိုလ်မှူးကြီး မင်းချစ်ဦးနှင့် တွေ့ဆုံကာ
လက်နက်အပ်နှံရေးကိစ္စများ ဆွေးနွေးနေသည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့
သည်။ |