|
လုပ်အားခတိုးတောင်းသည့်
မြန်မာအလုပ်သမား (၂၀၀)ကျော်ကို စက်ရုံမှမောင်းထုတ်
ဗထူး။
သြဂုတ် ၆၊ ၂၀၀၇
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှ အလုပ်သမားများက ၄င်းတို့၏လုပ်အားခ
တိုးတောင်းသည့် အတွက် အလုပ်ရှင်က အဆိုပါစက်ရုံမှ မောင်းထုတ်ခဲ့သည်။
မဲဆောက်မြို့၊ မယ်တော်ရပ်ကွက်၊ ကမ်းနားပိုင်းတွင်ရှိသည့် ဘီဘီတော့(ပ်)
(ခေါ်) ပါနီသိုးမွှေး စက်ရုံမှ အလုပ်သမား (၂၀၀)ကျော်က
လုပ်အားခ(ဒါဇင်ကြေး) တိုးတောင်းခဲ့သဖြင့် အလုပ်ရှင်က ယမန်နေ့က စက်ရုံမှ
မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းဥပဒေသအရသတ်မှတ်ထားသည့် လုပ်အားခထက် များစွာလျှော့နည်းသည့်
လုပ်အားခသာ ရရှိခဲ့သဖြင့် အလုပ်သမားများက အလုပ်မဆင်းပဲ
လုပ်အားခတိုးပေးရန် တောင်းခံခဲ့ခြင်း ဖြစ်သည်။
“အလုပ်သမားအများစုက
အလုပ်သမားလက်မှတ်ကလည်း မရှိဘူး၊ နောက် အလုပ်လုပ်ထားတဲ့
လုပ်အားခတွေလည်းမရသေးတာကြောင့် အများစုကတော့ အလုပ်ရုံကနေ ထွက်မသွားသေး
ပါဘူး”ဟု အလုပ်သမားတဦးက ဆိုသည်။
လုပ်အားလက်ကျန်ငွေရပြီး စက်ရုံအပြင်သို့ ထွက်မည်ဆိုလျှင်လည်း
အလုပ်သမားလက်မှတ် မရှိသောကြောင့် အလုပ်ရှင်မှ ထိုင်းရဲအား
အကြောင်းကြားခဲ့လျှင် အဖမ်းခံရနိုင်ဖွယ်ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ ၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့်
အလုပ်သမားဥပဒေ တွင် လက်မှတ်မဲ့ နိုင်ငံခြားသားအလုပ်သမားတဦးအား
တွေ့ရှိပါက ထောင်ဒဏ် (၄၅)ရက် ချမှတ်ပြီး သက်ဆိုင်ရာနိုင်ငံသို့
ပြန်လည်ပို့ဆောင်ကာ လက်မှတ်မဲ့ အလုပ်သမားများကို လက်ခံသူ
လုပ်ငန်းရှင်များအား ဒဏ်ငွေ (၅၀,၀၀၀) နှင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ရန်
ပြဌာန်းထားသည်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဒေသတွင် လက်မှတ်မဲ့ အလုပ်သမားများကိုသာ
ဖမ်းဆီးခြင်း ရှိပြီး အလုပ်ရှင်များကို ဒဏ်ရိုက်ခြင်း
ထောင်ဒဏ်အပြစ်ပေးအရေးယူခြင်း မရှိသေးကြောင်း
ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဆိုသည်။
“ဒီနေ့တော့
အလုပ်ရှင်က လုပ်အားခတိုးတောင်းတာကို မလိုက်လျှောဘူး။ လခယူမယ်ဆိုရင်
အထုပ်သိမ်း ငွေထုတ်ပြီး တခါတည်းထွက်ခိုင်းတော့ တရာကျော်လောက်
ထွက်သွားပြီး တရာ ကျော်လောက် ကျန်သေးတယ်။ အလုပ်ရှင်က
ဘယ်လိုမှမလိုက်လျှောဘူး။ အရင်နစ်နာကြေး တွေအတွက် တရားစွဲမယ်
မစွဲမယ်တော့ မသိသေးဘူး”ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ကိုမင်းဦးက
ဆိုသည်။
မဲဆောက်မြို့ရှိ အလုပ်သမားများမှာ ထိုင်းရဲများဖမ်းဆီးမှု၊ အလုပ်ရှင်မှ
အလုပ်သမားလက်မှတ် မူရင်း မထုတ်ပေးမှု၊ လုပ်ခလစာအနည်းငယ်သာ
ရရှိမှုတို့ဖြင့် ရင်ဆိုင်နေရပြီး အလုပ်သမား များမှ အလုပ်ရှင်များအား
ပြန်လည်တရားစွဲဆိုမှုများ ပိုမိုများပြားလာနေသည့်အပြင် နစ်နာကြေး
လုပ်အားခများကို လုပ်ငန်းရှင်များက ပြန်လည်ပေးခဲ့ရသည့် အခြေအနေများလည်း
ပေါ်ပေါက် နေဆဲဖြစ်သည်။ |