|
ကျောက်ပန်းတောင်းတွင် ဆန္ဒပြမှု
ပြည်သူများဝိုင်းရံလာ၍ ဖမ်းဆီးမှုမရှိခဲ့
ဗထူး။
သြဂုတ် ၃၀၊ ၂၀၀၇
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းတွင် လမ်းလျှောက်ဆန္ဒပြသူများကို
ပြည်သူများက ၀ိုင်းရံ လာသောကြောင့် ဖမ်းဆီးမှုမရှိဘဲ အောင်မြင်စွာ
ပြုလုပ်နိုင်ခဲ့သည်။
လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာသည့်အတွက်
လမ်းလျှောက်ဆန္ဒပြမှုတခုကို ယနေ့ နံနက်က အင်န်အယ်ဒီပါတီဝင်များက
ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်
(၁၀) နာရီတွင် ကျောက်ပန်းတောင်းမြို့ရှိ ‘လေ’လ္ဘက်ရည်ဆိုင်မှစတင်ကာ
မြင်းခြံ -ရန်ကုန်ကားလမ်းမအတိုင်း လမ်းလျှောက်ခဲ့ကာ မြို့ရုပ်ရှင်ရုံမှ
(မယက)ရုံးဘက်သို့ လမ်းလျှောက်ဆန္ဒပြခဲ့ရာ အင်န်အယ်ဒီအဖွဲ့ဝင် (၂၀)
ဦးနှင့်အတူ ပြည်သူအချို့ ပူးပေါင်းပါဝင် လာခဲ့သည်။
ထို့နောက် ဆန္ဒပြသူများက စေတီကြီးဘုရားဘက်သို့
ဆက်လက်ထွက်ခွာရန် ပြင်ဆင်နေချိန် တွင်
(မယက)ရုံးတွင်းမှ အသင့်စောင့်နေသော
စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)၊
ကြံ့ဖွံ့၊
ရဲသတင်းအထူးတပ်ဖွဲ့(SB)နှင့်
(ရ၀တ)အဖွဲ့ဝင်
အင်အား (၈၀)
ခန့်က ဖမ်းဆီးရန် အမိန့်ပေးခဲ့ သည်။
“(မယက)ရုံးရှေ့ရောက်တော့ သူတို့က (၈၀) လောက်ရှိတယ်၊
ဖမ်းဖို့ အမိန့်ပေးသံတွေ ကြားရ တယ်၊ ဘေးကပြည်သူတွေ ၀ိုင်းလာတော့
အဖမ်းအဆီးမဖြစ်ခဲ့ဘူး၊ ဘုရားဘက်ကိုသွားမဲ့ လမ်းကို ပိတ်ဆို့ပြီးတော့
မသွားဖို့ပြောတာ၊ ကိုယ်ထိလက်ရောက်တော့ မဟန့်တားဘူး၊
ဒါပေမဲ့ ဘုရားကို သွားနိုင်ခဲ့တယ်”ဟု ဆန္ဒပြရာတွင်ပါဝင်သူတဦးက ဆိုသည်။
ဆန္ဒပြသူများသည်
(မယက)ရုံးမှတဆင့် စေတီကြီးဘုရားသို့ ဆက်လက်လမ်းလျှောက်ကာ
ဘုရားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံ ၈၈
ကျောင်းသားခေါင်းဆောင်များ ပြန်လွတ် ရန်
ဝတ်ပြုဆုတောင်းခဲ့ကြသည်။
“ဆန္ဒပြတဲ့အထဲက အင်န်အယ်ဒီအဖွဲ့ဝင်နှစ်ယောက်ကို
(မ၀တ)ရုံးထဲကို ခေါ်တယ်၊
ခေါ်ပြီးတော့
(၂/၈၈) ကို ဖတ်ပြတယ်၊
ဖတ်ပြပြီးတော့ ဒါကိုသိရှိကြောင်း ပြောတာပါ၊
လက်မှတ်ထိုးခိုင်းတာ တွေ မလုပ်ဘူး”ဟု ကျောက်ပန်းတောင်းမြို့နယ် (NLD)
ပါတီ စည်းရုံးရေးမှူးက ဆိုသည်။
ယခုလက်ရှိတွင် ကျောက်ပန်းတောင်းဒေသ၌ လောင်စာဆီဈေး မြင့်တက်ခဲ့သည့်အတွက်
ဆန်၊ ဆီ၊ ဆား အပါအ၀င် မီးဖိုချောင်သုံး အခြေခံစားကုန်များ ၁၅
ဆမျှ စတင်မြင့်တက်လာနေ သည်ဟု ကျောက်ပန်းတောင်းမြို့ခံတဦးက ဆိုသည်။
|