Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တချိန်တွင် ပြန်လည်ဆုံစည်းနိုင်အောင် ၀ိုင်းဝန်းကူညီအားထုတ်ပေးရန်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦး ပြောဆို

ဗထူး။ သြဂုတ် ၈၊ ၂၀၀၇

ရှစ်လေးလုံးစိတ်ဓါတ် ရှစ်လေးလုံးဝိညာဉ်ဖြင့် လှုပ်ရှားမှု မှန်သမျှသည် အားလုံး တသားတည်းကျကာ တချိန်မှာ ပြန်လည်ဆုံစည်းနိုင်အောင် ၀ိုင်းဝန်းကူညီအားထုတ်ပေး ကြပါဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးက ယနေ့ပြောဆိုလိုက်သည်။ 

ယနေ့ကျရောက်သည့် (၁၉) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့တွင် အခြေအနေအမျိုးမျိုးကြောင့် အဝေးသို့ရောက်နေသော ၈၈ မျိုးဆက်များအား ကိုဂျင်မီက ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

ပြည်ပသို့ အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိနေသူများ သည် ညီအစ်ကို လုပ်ဖော်ကိုင်ဘက်များ ဖြစ်ပြီး မြန်မာပြည်ကို လွမ်းနေကြကာ ယနေ့လို အခြေအနေ သတင်းများကို ကြားသိသည့်အခါ အဝေးမှ ပါဝင်ခွင့်ရသည့်အပေါ် ရောင့်ရဲ တင်းတိမ်နိုင်မှာမဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ ဦးစီးကျင်းပသည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားကို ရည်ညွှန်းကာ ပြောဆိုခဲ့သည်။ 

ကိုဂျင်မီက “ဒီညီအစ်ကိုတွေကို ကျနော်ပြောချင်တာက ကျနော်တို့ဟာ မျိုးစေ့ကောင်းတွေ ဖြစ်တယ်ဗျ၊ မျိုးစေ့ကောင်းတွေဖြစ်တဲ့အတွက် ကျရာနေရာမှာ အပင်ကောင်းပေါက်နိုင်တယ်။ ကျရာနေရာမှာ အပင်ကောင်းပေါက်ဖို့ စွမ်းနိုင်သူတွေလို့ ခံစားမိတယ်။ အဲ့တော့ သူတို့ဟာ တချိန်ကျရင် ပြန်လာနိုင်အောင် ကျနော်တို့နဲ့အတူ ၀ိုင်းဝန်းပြီးတော့ ကြိုးစားပေးကြပါ။ အားလုံး တယောက်နဲ့တယောက်ဟာ နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင်နဲ့ ရှစ်လေးလုံးစိတ်ဓါတ်နဲ့ ရှစ်လေးလုံးဝိညာဉ်နဲ့ လှုပ်ရှားမှုမှန်သမျှဟာ အားလုံး တသားတည်းကျပြီးတော့ တချိန်မှာ ပြန်လည် ဆုံစည်းနိုင်အောင်လို့  ၀ိုင်းဝန်းကူညီအားထုတ်ပေးကြပါလို့ ပြောချင်တယ်” ဟု ပြောသည်။

ယနေ့တွင် ၈၈ မျိုးဆက်ကျောင်းသားမှဦးစီးကာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အဖြစ် ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားဝင်းအတွင်း သံဃာတော်များအား ၀ါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းကပ်လှူဒါန်းခြင်း အခမ်းအနားတရပ်ကို ပြုလုပ်ခဲ့ရာ ဧည်ပရိတ်သတ် (၁၅၀၀)ကျော် တက်ရောက်ခဲ့သည်။ 

နံနက် ၅ နာရီတွင် ကျောင်းနေသံဃာတော် ၁၅ ပါးအား အာရုဏ်ဆွမ်းကပ်လှူကာ ၇ နာရီ ၄၅ မိနစ်တွင် ၀ါဆိုသင်္ကန်းကပ် တရားနာခဲ့သည်။ အစီအစဉ်မှူးအဖြစ် ကိုလှမျိုးနောင်မှ တာဝန် ယူခဲ့ပြီး ကိုမင်းဇေယျာမှ ဆရာတော်များထံမှ တရားတောင်းယူခဲ့သည်။ 

“အဲ့ဒီမှာ ကျနော်တို့ သစ္စာအဓိဌာန်ပြုတယ်၊ တိုင်တည်ပေးတဲ့သူက ကိုမင်းကိုနိုင်ပါ၊ ပြီးတော့ ၈ နာရီကျော်ကျော်လောက်မှာ တက်လာတဲ့ ပရိတ်သတ်တွေကို မုန့်ဟင်းခါးနဲ့ ဧည့်ခံတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ ၊ အင်န်အယ်ဒီပါတီဝင်တွေ၊ နောက် သံအမတ်ကြီးအဆင့်အထိ ပါတဲ့ သံရုံးတွေက သံတမန်တွေလာတက်ပါတယ်”ဟု ကိုဂျင်မီက ဆိုသည်။ 

အခမ်းအနားသည် နေ့လည် ၁၂ နာရီတွင် ပြီးဆုံသွားပြီး ယခုနှစ်တွင် နိုင်ငံရေးလှုပ်ရှားသူများ အပြင် မန္တလေး၊ ပဲခူးနှင့် တိုက်ကြီးနယ်ဘက်မှ ပြည်သူများပါ တက်ရောက်လာသည်ကို တအံ့တသြ တွေ့ခဲ့ရသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ 

ယနေ့တွင် ရန်ကုန်မြို့ အချက်အခြာနေရာများတွင် အရပ်ဝတ်ဖြင့် လုံခြုံရေးများ တင်းကြပ်စွာ ချထားသော်ပြီး ယခုကျင်းပသည့်အခမ်းအနားအား အာဏာပိုင်များက အနှောင့်အယှက် မပေးခဲ့သော်လည်း အနီးအနားတွင် စည်ပင်ဝန်ထမ်းဟု ထင်ရသူများက ပေါက်တူး၊ ဂေါ်ပြားနှင့် ဓါးများကိုင်ဆောင်ကာ သန့်ရှင်းရေးလုပ်နေသည်မှာ ထူးခြားကြောင်း မျက်မြင်သက်သေတဦးက ဆိုသည်။ 

ယနေ့အခမ်းအနားကျင်းပသည့် ခြောက်ထပ်ကြီးဘုရား နာယကဆရာတော်အား ပြီးခဲ့သည့် ရက်များတွင် အာဏာပိုင်များက လာရောက်ဖိအားပေးမှုရှိသော်လည်း ယခုကိစ္စသည် နိုင်ငံရေးပွဲမဟုတ်ပဲ သံဃာ့ဒါန၊ သံဃာကို အလှူပြုခြင်းအတွက် ပိတ်ပင်၍မရကြောင်း ထို့ကြောင့် ၄င်းကိုယ်တိုင်လည်း ပိတ်ပင်မှာမဟုတ်ကြောင်း ဆရာတော်ကြီးက အာဏာပိုင် များအား မိန့်ကြားခဲ့သည်ဟု ဆိုသည်။ 

၁၉၈၈ မှစ၍ ဒီမိုကရေစီအသံမှာ မြင့်တက်လာခဲ့ပြီး ရုပ်လုံးပေါ်အောင် ကြိုးစားခဲ့ရသည့်နည်းတူ ရှစ်လေးလုံး၏ခန္ဓာမှာ ဒီမိုကရေစီနှင့်တည်ဆောက်ထားသလို ရှစ်လေးလုံး၏ ဦးခေါင်း၊ ခြေလက်နှင့် လှုပ်ရှားမှုမှန်သမျှသည်လည်း ဒီမိုကရေစီနှင့် တည်ဆောက်ထားသည့်အတွက် ပြည်သူများအနေဖြင့် ဒီမိုကရေစီရရှိရေးသာလျှင် အဓိကကျခြင်းဆိုသည်ကို မမှိတ်မသုန် ဦးတည်ပြီးကာ ၈၈ မျိုးဆက်ကျောင်းသားများအား ၀ိုင်းဝန်းထောက်ခံ အကူအညီပေးကြရန် ကိုဂျင်မီက ပြောဆိုသွားခဲ့သည်။  

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org