Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

(KNLA) တပ်မှူးသည် လှေမှောက်သေဆုံးခဲ့သည်ဟု (KNU) မှ အတည်ပြုပြောဆို

ဗထူး။ သြဂုတ် ၁၈၊ ၂၀၀၇

နအဖနှင့်တွေ့ဆုံနေသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မှ တပ်မှူးတဦး သေဆုံးခြင်းသည် လှေမှောက်၍ သေဆုံးခြင်းဖြစ် ကြောင်း (KNU) မှ ယနေ့ အတည်ပြုပြောဆိုလိုက် သည်။ 

ပြီးခဲ့သည့်နေ့က နအဖစစ်အစိုးရထံ လက်နက်ချရန် တွေ့ဆုံနေသည့် (KNLA) တပ်မဟာ (၆) တပ်ရင်း (၁၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကြည်လင်း သေဆုံးမှုအပေါ် (KNU) မှ ယနေ့ အတည်ပြုပြောဆို လိုက်ခြင်းဖြစ်သည်။ 

သတင်းဌာနအချို့မှ လွှင့်ထုတ်ဖော်ပြချက်များသည် မှားယွင်းနေပြီး တပ်မဟာကြေးနန်းအရ အဆိုပါ တပ်ရင်းမှူးသည် ယခုလ (၁၆) ရက်နေ့၊ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဟောင်သရောချောင်း အတွင်း လှေမှောက်၍ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ 

“(၁၆) ရက်နေ့၊ ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ဟောင်သရောချောင်းထဲမှာ လှေမှောက်ပြီး သေဆုံးသွားတယ်။ သူ့အလောင်းကို ခုထက်ထိ ပြန်မရသေးဘူး၊ တပ်မဟာစစ်ဌာနချုပ်က အခုပဲ ကြေးနန်းစာရတာ” ဟု (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလာဖန်းက ဆိုသည်။  

ယမန်နေ့က ဖြစ်ပေါ်ခဲ့သည့် အရပ်သတင်းများအဆိုအရ သေဆုံးသူ (KNLA) တပ်ရင်းမှူးသည်  နအဖစစ်အစိုး ရ၏ စစ်ဦးစီး(ပထမတန်း) ဗိုလ်မှူးကြီး မင်းချစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး အပြန်တွင် သေဆုံးခဲ့သည်ဟုဆိုသည်။ 

ဒုဗိုလ်မှူးကြီး ကြည်လင်းအနေဖြင့် နအဖနှင့်တွေ့ဆုံမှုများ အကြိမ်ကြိမ် ပြုလုပ်နေသည်မှာ မှန်ကန်ကြောင်း၊ အဆိုပါ တပ်ရင်းမှူးနှင့်ပတ်သက်၍  မိမိသဘောဆန္ဒအရ နအဖနှင့် တွေ့ဆုံ ခြင်းသည်မကောင်းကြောင်း၊ (KNU) သည် အဖွဲ့အစည်းတရပ်ဖြစ်၍ စည်းမျဉ်းစည်းကမ်းအရ လုပ်ရန် လိုအပ်သည်ဟု ဆိုသည်။ 

နအဖစစ်အစိုးရအနေဖြင့် (KNU) နှင့်  တွေ့ဆုံဆွေးနွေးရေးအတွက် တွေ့ဆုံရမည့်လူပုဂ္ဂိုလ်နှင့် လမ်းကြောင်းများအား တရားဝင် အကြောင်းကြားထားသော်လည်း (KNLA) တပ်မဟာ၊ တပ်ရင်း တပ်ဖွဲ့ ခေါင်းဆောင်များအား မကြာခဏဆိုသလို ဖဲ့ထုတ်စည်းရုံး ဆောင်ရွက်ခဲ့မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။ 

ယင်းသို့ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ဖဒိုမန်းရှာက နအဖစစ်အစိုးရအား “ကျနော်တို့ ပြောစရာရှိတာက သူတို့က မှန်မှန်ကန်ကန် လုပ်တာမဟုတ်ဘူးဗျ၊ အလုပ်လုပ်တာက မှန်မှန်ကန်ကန်နဲ့ နည်းလမ်းတကျ လုပ်ရမယ်၊ အခုသူတို့လုပ်တာက မရိုးသားမှုတွေ အများကြီး ရှိနေတယ်၊ အဲ့ဒီနည်းနဲ့ တိုင်းပြည်ကို တည်ဆောက်လို့မရဘူး၊ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ မရဘူး၊ အဲ့ဒါတော့ သတိထားဖို့လိုတယ်လို့ ကျနော်ပြောချင်တယ်”ဟု ဆိုသည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org