Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထောင်တွင်းဆူပူဖြစ်အောင်မလုပ်၍့ အကျဉ်းသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

ဗထူး။ သြဂုတ် ၂၈၊ ၂၀၀၇ 

စစ်အစိုးရအာဏာပိုင်များက ထောင်တွင်းဆူပူဖြစ်အောင် ဖန်တီးနေရာ ရာဇ၀တ်မှုပြစ်ဒဏ်ဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် အကျဉ်းသားနှစ်ဦးကို ခိုင်းစေသည့်အတိုင်းမလုပ်၍ ရိုက်နှက်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

ပြီးခဲ့သည့်ရက်အတွင်းက အင်းစိန်အကျဉ်းထောင် (၂) တိုက်မှ နှစ်ကြီးပြစ်မှု ကျခံနေရသည့် အကျဉ်းသားနှစ်ဦးကို ထောင်အာဏာပိုင်များက ခိုင်းစေသည့်အတိုင်းမလုပ်၍ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ 

အင်းစိန်ထောင်တွင်း တရားရင်ဆိုင်နေရသည့် မေဒေးနေ့တွင် အလုပ်သမားများကို စုစည်းခဲ့ သည်ဟု စွပ်စွဲခံထားရသူ (၆) ဦးမှ ထောင်တွင်းဆူပူမှုကို ဖန်တီးသည့်သဘော သက်ရောက် အောင် အကျဉ်းသားများကို အာဏာပိုင်များက ခိုင်းစေခဲ့သည်။    

“မနေ့က သူတို့ကို ရုံးထုတ်တယ်။ (၃၀) ရက်နေ့ ပြန်ချိန်းတယ်။ နှစ်တိုနှစ်ရှည်မှာ သူတို့ (၆) ယောက်ကို ခွဲထားတယ်။ အဲ့ဒီအခန်းနားမှာလည်း နူနာရောဂါသည်တွေ လာထားတယ်။ အဲ့ဒီမှာ ရှိတဲ့ နှစ်ကြီးသမားတွေ၊ တကျွန်းသမားတွေ၊ သေဒဏ်ကျခံသမားတွေ ရှိတယ်၊ အဲ့ဒီလူတွေကို ဆူပူအောင် လုပ်ခိုင်းတယ်။ နှစ်ကြီးသမားတွေက အဲ့ဒါကို မလုပ်ဘူး၊ မလုပ်တဲ့အတွက်ကြောင့် သူတို့ကို ရိုက်တယ်။ ဘယ်နှစ်ယောက်အရိုက်ခံရလဲ မသိဘူး။ နှစ်ယောက်က သေလုမြောပါး ဒဏ်ရာရတယ်လို့ သိရတယ်။ အဲ့ဒီလူနှစ်ယောက် ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး” ဟု အမည် မဖော်လိုသည့် ထောင်ဝင်စာတွေ့ခဲ့သူတဦးက ပြောသည်။ 

နှစ်တိုနှစ်ရှည်တွင် အခန်းပေါင်းများစွာ ရှိပြီး နှစ်တိုက်အတိုတွင် (၁၈) ခန်းနှင့် နှစ်တိုက်ရှည်တွင်(၂၄) ခန်းရှိကာ ရာဇ၀တ်အကျဉ်းသား သေဒဏ်နှင့် နိုင်ငံရေးအကျဉ်းသား (နှစ်ရှည်) ကျခံနေရ သူများကို ထားရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာ နိုင်ငံ) (AAPP) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဆိုသည်။ 

၁၉၈၈ ကာလကလည်း အပြင်တွင် လူထုအုံကြွမှုဖြစ်နေချိန် ထောင်အာဏာပိုင်များက ထောင်တွင်းဆူပူမှုဖြစ်အောင် ဖန်တီးကာ ရာဇ၀တ်အကျဉ်းသားများကို ထောင်မှလွှတ်ပေးခဲ့ခြင်း များရှိကြောင်း ဆိုသည်။ 

ကိုဘိုကြည်က “အဲ့လိုလွှတ်ပေးလိုက်တော့ အပြင်မှာ ရှုတ်ယှက်ခတ်သွားတာပေါ့။ အကျဉ်းသား တွေ တော်တော်များများက လုပ်ကိုင်စားသောက်ဖို့ခက်တယ်။ ခိုးဆိုးတာတွေ၊ လုယက်တာတွေ နဲ့ အခြေအနေကြီးတခုလုံးကို ရှုတ်သွားအောင် လုပ်ပစ်တာတွေရှိတယ်။ အဓိကကတော့ အပြင် မှာရှိနေတဲ့ လှုပ်ရှားမှုကို ပျက်သွားအောင် အစီအစဉ်နဲ့ကို လုပ်တာတွေရှိတယ်” ဟု ဆိုသည်။ 

ယခု ဖမ်းဆီးခံထားရသူများမှာ ကိုရွှေဂျိုး၊ ညီညီကျော်၊ သူရိန်၊ ဝေလင်း၊ အောင်နိုင်ထွန်း၊ ကျော်ကျော်တို့ဖြစ်ပြီး မေလ (၁) ရက်နေ့တွင် ရန်ကုန်မြို့ အမေရိကန်စင်တာတွင်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အပြန်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ  ပုဒ်မ ၁၂၄(က)၊ ၁၇(၁)၊ လ၀က အမှုနှင့် တရားမ၀င် အသင်းအပင်းဖွဲ့စည်းမှုများဖြင့် တရားရင်ဆိုင် နေရသူများ ဖြစ်သည်။ 

ရာဇ၀တ်မှုနှစ်ကြီးထောင်ဒဏ် ကျခံနေရသူများက အဆိုပါ (၆) ဦးအား နိုင်ငံရေးပုဒ်မများဖြင့် ထောင်ကျနေသူများဆိုသည်ကို သိရှိ၍ ထောင်အာဏာပိုင်များ၏ ခိုင်းစေမှုကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ 

ထောင်ထဲတွင် ဆူပူမှုဖြစ်လျှင် နိုင်ငံရေးသမားများက ဆူပူမှုဖြစ်အောင်လုပ်သည်ဆိုသည့် စွပ်စွဲ ချက်ဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများအား ထောင်အာဏာပိုင်များက ပြင်းထန်စွာ ရိုက်နှက် သည့် အစီအစဉ်ဖြင့် ပြုလုပ်ခဲ့သည့် အတွေ့အကုံရှိကြောင်း ကိုဘိုကြည်က ဆိုသည်။ 

သူက “ထောင်ထဲမှာက နိုင်ငံရေးပုဒ်မနဲ့ ကျတဲ့သူတွေကို အကျဉ်းသားတွေ တော်တော်များများ က တော်တော်လေး လေးလေးစားစားရှိတယ်။ ပံ့ပိုးချင်တာမျိုး၊ ကူညီချင်တာမျိုး စာနာစိတ် ရှိတယ်။ တချို့အကျဉ်းသားတွေကျတော့ ဒီ နိုင်ငံရေးနဲ့ကျလာတဲ့သူတွေကို သူတို့အသက်နဲ့ လဲပြီး ကာကွယ်ပေးတာမျိုးလည်း ရှိတယ်။ ကျနော်တို့ရဲ့အတွေ့အကြုံအရပေါ့” ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org