Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အင်းတော်ရဲစခန်းအတွင်း လက်လွန်စွာ ရိုက်နှက်မှုကြောင့် လူတဦးသေဆုံး

ဗထူး။ သြဂုတ် ၁၃၊ ၂၀၀၇

စစ်ကိုင်းတိုင်း၊ အင်းတော်ရဲစခန်းအတွင်း ပစ္စည်းခိုးမှုဖြင့် ချုပ်နှောင်ထားသူတဦးအား ရိုက်နှက် စစ်ဆေးရာမှ အဆိုပါ ရဲစခန်းအတွင်း သေဆုံးသွားခဲ့သည်။ 

ယခုလ (၇) ရက်နေ့က နဘားရထားရဲတပ်ဖွဲ့မှ ပစ္စည်းခိုးသူဟု မသင်္ကာသူတဦးအား ဖမ်းဆီး ချုပ်နှောင်ကာ အင်းတော်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး နောက်တရက်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

“တရားခံရဲ့အဖေ ဦးထွန်းရက (၈) ရက်နေ့မနက်က သူ့သားကို သွားတွေ့တယ်။ ကွမ်းစားချင် တယ်ဆိုလို့ ကွမ်းတောင် ဝယ်ခဲ့ပေးသေးတယ်။ နေ့လည်ကျတော့ ခင်မောင်ထွန်း (ခေါ်) မောင်ထွန်း သေပြီလို့ မိသားစုဝင်တွေကို ရဲက လာပြောတာ” ဟု ဒေသခံတဦးက ဆိုသည်။ 

ထိုနောက် ခင်မောင်ထွန်း (ခ) မောင်ထွန်း၏ အလောင်းကို အင်းတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မြို့ခံလူများက သွားရောက်ကြည့်ရှုခဲ့သောအခါ  အညိုအမဲစွဲနေသော ဒဏ်ရာများကို တွေ့ရှိခဲ့ ရပြီး စစ်ဆေးစဉ် လက်လွန်စွာ ရိုက်နှက်မှုကြောင့် သေဆုံးသွားသည်ဟု ၄င်းက ဆက်လက် ပြောဆိုသည်။ 

နဘားရထားရဲကင်းတပ်ဖွဲ့မှ မောင်ထွန်းထံမှ မာမားခေါက်ဆွဲခြောက်ထုပ်နှင့် ကွမ်းစားဆေးများ လက်ဝယ်တွေ့ရှိမှုဖြင့် အင်းတော်ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း၊ အရက်ကို နေ့တိုင်း သောက်သူတဦးဖြစ်ပြီး အရက်ကို နေ့တိုင်းသောက်သုံးသူဖြစ်သဖြင့် အဆိုပါနေ့ ညပိုင်းတွင် အချုပ်ခန်းတွင်း အော်ဟစ်နေခဲ့ရာ ရဲမှ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ဆေးရုံတွင် သေဆုံးသွား သည်ဟု အင်းတော်မြို့နယ် ရဲစခန်းမှူးက ဆိုသည်။  

အဆိုပါ မြို့နယ်ရဲစခန်းမှူးက “ညကျတော့ ထအော်တာပေါ့။ ကျန်တဲ့ အချုပ်သားတွေ အိပ်မရ ဘာမရ ဖြစ်တာပေါ့ ။ သူ့နား ဘယ်သူမှကပ်လို့မရဘူး။ ငြိမ်တော့မှ ကျနော်တို့က ဆေးရုံပို့လိုက် ရတာ။ အရက်ပြတ်တဲ့ လက္ခဏာလို့တော့ ထင်တာပေါ့။ အဲ့ဒဏ်ကြောင့် မခံနိုင်ဘဲ ဆုံးတယ်လို့ပဲ သိရတယ်။ ဆေးရုံမှာ ဆုံးတာပါ။ တနေ့က အသုဘချလိုက်ပါပြီ။ တမျိုးတမည်ထင်မှာစိုးလို့ပါ။ ဆေးရုံမှာ ဆုံးတာပါ” ဟု ဆိုသည်။ 

အင်းတော်မြို့နယ်၊ ဆေးရုံအုပ်ဆရာဝန်မှ သူ့အနေဖြင့် မည်သည့်အတွက် သေဆုံးသည်ကို ပြောကြား၍မရကြောင်း၊ တရားဝင် ဆေးစစ်ချက်စာအား ရဲစခန်းကို ပို့မည်ဖြစ်သဖြင့် ရဲစခန်း ကိုသာ မေးမြန်းရန် ပြောကြားခဲ့သည်။ 

အင်းတော်မြို့နယ် (မယက)ရုံးမှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက “ကျန်းမာရေးကလည်း သိပ်မကောင်းဘူးလို့တော့ ကြားတယ်။ ဝေဒနာအခံလည်း ရှိလောက်မယ်။ စစ်ဆေးတာ နည်းနည်းလက်လွန်သွားတယ်လို့ ကြားတယ်။ ဝေဒနာအခံ ရှိအုံးတော့၊ ဒီလို ယောကျာင်္းကြီးပဲ၊ ချက်ခြင်းတော့ မသေလောက်ပါဘူး၊ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ရဲကိုမေးမှပဲ သိလိမ့်မယ်” ဟု ဆိုသည်။  

ခင်မောင်ထွန်း (ခ) မောင်ထွန်းသည် အသက် (၃၀) ရှိပြီး နဘားကျေးရွာတွင် နေထိုင်သူတဦး ဖြစ်ကာ သေဆုံးချိန်တွင် ဇနီး မစန္ဒာဆိုသူ ကျန်ရစ်ခဲ့ပြီး ကျေးရွာသားများက အဆိုပါသေဆုံးမှု အပေါ် အာဏာပိုင်များက စုံစမ်းစစ်ဆေးခြင်းမရှိသောကြောင့် မကျေမနပ် ဖြစ်နေကြသည်။

မြန်မာနိုင်ငံ၏ အချို့ဒေသများတွင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာ ဖမ်းဆီးချုပ်နှောင်ခြင်း မဟုတ်ဘဲ ရဲစခန်းအတွင်း သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org