|
လောင်စာဆီဈေးနှုန်းများ
အဆမတန်မြင့်တက်သဖြင့် ကားလိုင်းအချို့ရပ်တန့်
ကုန်ဈေးနှုန်းများတက်လာဖွယ်ရှိ
ဗထူး။
သြဂုတ် ၁၅၊ ၂၀၀၇
ဓါတ်ဆီ၊
ဒီဇယ်ဆီဈေးများနှင့်အတူ ပြည်တွင်းထုတ် သဘာဝဓါတ်ငွေ့(CNG) ဈေးပါ
မြင့်တက်ခဲ့သဖြင့် ယနေ့ ရန်ကုန် မြို့တွင်း ပြေးဆွဲနေသည့်
ကားလိုင်းအချို့ ရပ်တန့်ထားရသည်။
ယနေ့မနက်တွင် မမျှော်လင့်ဘဲ မူလ ဈေးနှုန်းများထက် ဓါတ်ဆီ၊ ဒီဇယ်
အပါအဝင် (CNG) ဈေးနှုန်းများ အဆမတန် တက်သွားသဖြင့် ကားခများ ဈေးတက်
သွားသည့်အပြင် အချို့ ခရီးသည်တင်ဘစ်ကားလိုင်းများ ရပ်တန့်ခဲ့ရသည်။
ယနေ့တက်သွားသည့် လောင်စာဆီးဈေးနှုန်းများမှာ ဓါတ်ဆီတဂါလံ မူလ
(၁,၅၀၀)ကျပ်မှ ယခု(၂,၅၀၀)၊ ဒီဇယ်ဆီ (၁,၅၀၀) မှ (၃,၀၀၀) ကျပ်၊ (CNG)
သဘာဝဓါတ်ငွေ့မှာ တလီတာ (၇၂)ကျပ်မှ (၂၇၂) ကျပ်ထိ ဖြစ်သွားခဲ့သည်။
ကားသမားများအနေဖြင့် ကားခကို မည်ကဲ့သို့တိုးကောက်ရမည်ကို မသိတော့သလို
ခရီးသည် များ အနေဖြင့်လည်း မူလကားခအတိုင်းသာ ပေးချေသဖြင့်
ခရီးသည်များနှင့် ကားသမားများ အကြား အချင်းပွားမှုများ ဖြစ်ပွားခဲ့၍
ဈေးဆိုင်များကလည်း ကုန်ပစ္စည်းများ အရောင်းအ၀ယ် မလုပ်ရဲဘဲ ဖြစ်နေကြသည်။
(CNG) ခေါ်
သဘာဝဓါတ်ငွေ့ များစွာထွက်ရှိသည့် နိုင်ငံတွင် ယခုကဲ့သို့ (CNG)
ဈေးနှုန်းများ မြင့်တက်လာခြင်းကို အံ့သြမိကြောင်း၊ ပြည်တွင်းတွင်
အလျှံအပယ် ထွက်ရှိနေသည့် သဘာဝ ဓါတ်ငွေ့ဈေးနှုန်း မြင့်တက်လာခြင်းနှင့်
ပတ်သက်၍ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမင်းဇေယျာက
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မေးပါရစေ၊ အလကားရနေပါတယ် ဆိုတဲ့
ဒီ(CNG)ကြီးဟာ ဘာဖြစ်လို့ ဒီလောက်ထိုးတက်သွားရတာလဲ၊ မြောက်ကိုရီးယားက
နျူကလီးယားစက်ရုံ တည်ဖို့အတွက်လား” ဟု မေးခွန်းထုတ်လိုက်သည်။
ဓါတ်ဆီနှင့်
လောင်စာဆီဈေးများ မြင့်တက်လာမည်ဟု ကြားနေသည်မှာ ကြာပြီဖြစ်၍ ယခုလို
ဈေးတက်လာခြင်းမှာ စစ်အစိုးရက ငွေမရှိတော့၍ လောင်စာဆီများအပေါ်
ဈေးမြှင့်တင်တိုးယူ သည်ဟု ထင်မြင်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ကားလိုင်းများအချို့ ရပ်တန့်သွားခဲ့ခြင်းနှင့်အတူ
လောင်စာဆီဈေးနှုန်းများ သတ်မှတ်ရောင်းချ ရန်လည်း အခက်အခဲဖြစ်နေပြီး
ယနေ့မှ ရုတ်တရက် ထိုးတက်သွားခဲ့သည့် လောင်စာဆီ ဈေးနှုန်း တည်ငြိမ်ရန်
အလွန်ခက်ခဲပြီး အနည်းဆုံး တပတ်ခန့် စောင့်ကြည့်ရန် လိုအပ်သည်ဟု ဆိုသည်။
“ဒီမနက်ပေါ့ဗျာ လောင်စာဆီဈေးနှုန်း တက်သွားတဲ့ကိစ္စကို
(နအဖ)စစ်ခေါင်းဆောင်အားလုံးကို ဈေးနှုန်းတွေ ချက်ခြင်းပြန်ချပေးပါလို့
တောင်းဆိုပါတယ်။ လောင်စာဆီဈေးနှုန်း တက်တာနဲ့ ပတ်သက်လို့
လုံးဝကန့်ကွက်ကြောင်း ရှုတ်ချကြောင်း ကျနော်တို့ ကြေညာပါတယ်” ဟု
ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ(MDC) မှ ကိုထင်ကျော်က ဆိုသည်။
ယခုလို
လောင်စာဆီဈေးနှုန်းများ ထပ်မံမြှင့်တင်လိုက်သည့်အတွက်
လက်ရှိကုန်ဈေးနှုန်းထက် အဆမတန် မြင့်တက်လာမည့် ကုန်ဈေးနှုန်းဒဏ်ကို
ပြည်သူလူထုမှ ခါးစည်းခံရမှာဖြစ်ပြီး ၄င်းတို့ အနေဖြင့် ပြည်သူဘက်မှ
ပြတ်ပြတ်သားသား ရပ်တည်သွားမှာဖြစ်၍ ပြည်သူများ ဒုက္ခ ထပ်မံ ခံစားရန်
လုပ်ဆောင်သည့်အတွက် လောင်စာဆီဈေးနှုန်း ချပေးရန် တောင်းဆိုသွားမည်ဟု ၎င်းက
ဆက်လက်ပြောဆိုသည်။
“ကျနော်တို့ကတော့ ပြည်သူအတွက်ဆိုရင်တော့ ပြည်သူရှေ့မှာ ပြတ်ပြတ်သားသား
ရပ်တည်မှာ ဖြစ်တဲ့အတွက် ပိုစတာကိုင်ပြီး ဆန္ဒပြ တောင်းဆိုသွားမှာပါပဲ”
ဟု ကိုထင်ကျော်က ဆိုသည်။
၂၀၀၅
ခုနှစ်၊ နိုဝင်ဘာလကလည်း စစ်အစိုးရမှ လောင်စာဆီဈေးနှုန်းများကို
မြှင့်တင်ခဲ့ရာ ဓါတ်ဆီတဂါလံ (၁၈၀) မှ (၁,၅၀၀) ကျပ်၊ ဒီဇယ် (၁၆၀) မှ
(၁,၅၀၀) သတ်မှတ်ခဲ့သည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန်
မြင့်တက်လာခဲ့သည်။ |