|
အထိန်းသိမ်းခံထားရသူများက
အစာငတ်ခံဆန္ဒပြနေဟုဆို
ဉာဏ်မောင်။
သြဂုတ် ၃၁၊ ၂၀၀၇
ယခုလအတွင်း
လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းအတွက် ပြည်သူလူထုကိုယ်စား
ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ရာ
စစ်ကြောရေးစခန်းအတွင်း ဖမ်းဆီးခံထားရသူများက အစာငတ်ခံဆန္ဒပြမှု
ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေ သည်။
စစ်အစိုးရမှ
ဖမ်းဆီးခဲ့သူများအနက် ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှု လုံလောက်စွာ
မပြုလုပ်ပေးသည့်အတွက် ယခုကဲ့သို့ အစာငတ်ခံ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြမှုကို ကြာသပတေးနေ့က စတင်ပြုလုပ်ခဲ့ပြီး အဆိုပါစခန်းတွင်
ရောက်ရှိနေသော အင်န်အယ်ဒီပါတီ လူငယ်အဖွဲ့ဝင် အိုးဝေ (ခေါ်)
ရဲသိန်းနိုင်မှာ ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များ၏
ရိုက်နှက်မှုကြောင့် ခြေထောက်ကျိုးသည့် ဒဏ်ရာရရှိထားသော်လည်း
လုံလောက်သည့် ဆေးဝါး ကုသမှုမရှိကြောင်း သတင်းများကဆိုသည်။
အိုးဝေ
(ခေါ်) ရဲသိန်းနိုင်သည် ယခုလ (၂၈) ရက်နေ့က ရန်ကုန်မြို့၊
လှည်းတန်းဆန္ဒပြမှုတွင် ပါဝင်ပြီး အင်းစိန်လမ်းမပေါ်မှ မစ္စတာဘရောင်း
ကော်ဖီဆိုင်ရှေ့တွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင် များ၏ အကြမ်းဖက်
ရိုက်နှက်ဖမ်းဆီးခဲ့သည့် လူ ၂၀ ကျော်တွင် ပါဝင်သူဖြစ်သည်။
လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ငြိမ်းချမ်းစွာ
ဆန္ဒပြနေသူများအပေါ် စစ်အစိုးရ ကိုင်တွယ်ဖြေရှင်းနေမှုနှင့်ပတ်သက်၍
အမေရိကန်သမ္မတ ဘုရှ်က (မြန်မာစစ်အစိုးရ)အုပ်ချုပ် သူ အာဏာပိုင်တို့၏
(အမိန့်အာဏာ) စကားများကို ငြိမ်သက်စွာ နားထောင်ခြင်းထက် ပြည့်စုံ
ခိုင်လုံသော အင်အားများဖြင့် ကျိုးကြောင်းဆီလျှော်မှုများကိုသာ
နားထောင်သင့်သည်ဟု ယနေ့ ပြောဆိုလိုက်သည်။
သူက“
နိုင်ငံတကာက တောင်းဆိုနေတဲ့ ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် ဒီမိုကရေစီရေး
လှုပ်ရှားနေသူများကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးအတွက် လှုပ်ရှား ဆောင်ရွက်နေသူတွေကို နှိပ်ကွပ်နေမှုများကို
အမြန်ဆုံးရပ်တန့်သင့်သည်”ဟှု မြန်မာစစ်ဗိုလ် ချုပ်များသို့
ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်လည်း ယနေ့နံနက်ပိုင်းက
ပြည်သူနှစ်ဦးက ပိုစတာကိုင် ဆန္ဒပြခဲ့ရာ အာဏာပိုင်များက
ထိုးကြိတ်ဖမ်းဆီးသွားခဲ့သည်။
ယခုလအတွင်းဖြစ်ပွားခဲ့သည့် မြန်မာပြည်အနှံ့ ဆန္ဒပြသူများကို စစ်အစိုးရက
အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးနေရာ ယခုအချိန်အထိ (၁၂၇) ဦး ရှိသွားပြီးဟု
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP)
က ပြောဆိုလိုက်ပြီး စစ်ကြောရေးစခန်း တွင် အစာငတ်ခံ ဆန္ဒပြနေသည်မှာ
မှန်ကြောင်း အတည်ပြုခဲ့သည်။ |