Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဦးမြင့်အေးကို နေအိမ်မှအထွက် ဖမ်းဆီးသွား
(NLD)အယောင်ဆောင် ကြံ့ဖွံ့နှင့်စွမ်းအားရှင်များ တာမွေတွင် အင်အားဖြည့်ထား

ရိုးမ ၃။ သြဂုတ် ၂၄၊ ၂၀၀၇

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) အဖွဲ့မှ ဦးမြင့်အေးအား ယနေ့ နံနက်ပိုင်းက နေအိမ်မှအထွက်တွင် မြို့နယ်မ(မယက) ဥက္ကဋ္ဌနှင့် ရဲသတင်းအထူးတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

ကြည့်မြင်တိုင်ရှိ နေအိမ်မှအထွက် လမ်းထိပ်အရောက်တွင် (မယက)ဥက္ကဋ္ဌနှင့် အရပ်ဝတ် ရဲများက ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။  

“ကြည့်မြင့်တိုင်မြို့နယ် (မယက)ဥက္ကဋ္ဌ အောင်ကျော်မိုးနဲ့ (SB)တွေက (၁၀၁) ဒိုင်နားကားအဖြူ နဲ့ ခေါ်သွားတာ။ သူ့အမျိုးသမီးမွေးနေ့အဖြစ် အိမ်မှာ မိသားစု ချက်ပြုတ်စားသောက်နေကြတာ။ ယောက္ခမကို ဟင်းချိုင့်သွားပို့ဖို့အထွက်မှာ ဖမ်းသွားတာ” ဟု ရပ်ကွက်နေ မျက်မြင်တဦးက ဆိုသည်။ 

ယခုလိုဖမ်းဆီးခြင်းသည် မှားယွင်းပြီး (HRDP)မှ ယခုဖြစ်ပေါ်နေသည့် လူထုလှုပ်ရှားမှုနှင့် ဆက်စပ်နိုင်သည် ဆိုသည့်ယူဆချက်မှာ မမှန်ကြောင်း၊ ယခုနှစ် ဧပြီလအတွင်းက အာဏာပိုင် များ အကြမ်းဖက် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်သူ (HRDP)အဖွဲ့ဝင် ကိုမောင်မောင်လေးက
“(HRDP) ဆိုတာ အလုပ်နှစ်ခုပဲလုပ်မယ်ဆိုတာ အားလုံးကိုလည်း ပြောပြီးပြီ၊ အာဏာပိုင်တွေ လည်း သိတယ်။ လူ့အခွင့်အရေးအသိပညာ ဖြန့်ဝေမယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဥပဒေအရ ကာကွယ်ဆောင်ရွက်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်မယ်ဆိုတာ” ဟု ဆိုသည်။  

လူ့အခွင့်အရေး အခြေခံသဘောတရားများကို ပြည်သူအတွင်း အမြဲမပြတ် ပညာပေးသွားမည် ဖြစ်ပြီး အဆိုပါ လူ့အခွင့်အရေးအပေါ်တွင် ပြည်သူများသည် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိကာ လွတ်လပ်စွာ ရပ်တည်နိုင်ပြီး ယခုလိုဖမ်းဆီးခြင်းသည် အာဏာပိုင်များက ကြောက်နေသည် ဆိုသည်မှာ မရိုးသားခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။  

ယနေ့ နိုင်ငံအနှံ့ဖြစ်ပေါ်နေသည့် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုအတွက် လှုပ်ရှားမှုများ အပေါ် ကိုမောင်မောင်လေးက “ကနေ့ လမ်းပေါ်မှာထွက်ပြီး ဆန္ဒထုတ်ဖော်နေတာကလည်း လူ့အခွင့်အရေးအရ လုပ်ပိုင်ခွင့်ရှိတယ်။ အဆုံးထိ အစိုးရတရပ်ကိုတောင်မှ သူတို့ ရွေးချယ်ပိုင် ခွင့်ရှိတယ်၊ ဖြုတ်ချပိုင်ခွင့်ရှိတယ်၊ လူ့အခွင့်အရေးအရ။ အဲ့တော့ ဒါတွေဟာ လူ့အခွင့်အရေးအရ လုပ်ရမယ့်ကိစ္စတွေပဲဖြစ်တယ်။ အဲ့ဒီအပေါ်မှာ (HRDP)တွေအနေနဲ့က ကျနော်တို့က ဖြုတ်ချ လိုက်ပါ၊ ဆွဲတင်လိုက်ပါ၊ ကျနော်တို့က ပြောမှာမဟုတ်ဘူး” ဟု ဆိုသည်။  

ပြည်မြို့သို့သွားရောက်၍ (HRDP)လုပ်ငန်းများ လုပ်ဆောင်စဉ် အကူအညီပေးခဲ့သည့် ကျူရှင် ဆရာ ကိုမင်းမင်းအား အာဏာပိုင်များက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး ပြည်အကျဉ်းထောင် တွင် ချုပ်နှောင်ထားရာမှ ယခုလ (၂၂) ရက်နေ့တွင်  ရန်ကုန်၊ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ခဲ့သည်။  

ယနေ့ ရန်ကုန်မြို့ပေါ်တွင် နေရာအနှံ့ လုံခြုံရေးများ တင်းကြပ်ထားပြီး (NLD)ပါတီဝင် အယောင် ဆောင် ပင်နီတိုက်ပုံများ ၀တ်ဆင်ထားသည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင် အင်အား (၅၀၀) ခန့်ကို တာမွေလမ်းဆုံတွင် နေရာချထားပြီး ဒုတ်၊ ဓါးများ တင်ဆောင်ထားသည့် ဒိုင်နာ(ချောကား)များ ကိုလည်း အသင့်ရပ်ကာ အာဏာပိုင်များက လှုပ်ရှားမှုကို အကြမ်းဖက်ရန် စောင့်ဆိုင်းနေသည် ဟု ဆိုသည်။ 

ယနေ့နံနက် (၁၁) နာရီခန့်ကလည်း ဒဂုံမြို့သစ်တောင်ပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လှုပ်ရှားမှုတရပ် ဖြစ်ပေါ်ခဲ့ပြီး (၃) ဦး အဖမ်းခံခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အသံဖိုင်ရယူလိုပါက -

ကိုမောင်မောင်လေးအသံ

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org