Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရွေးကောက်ပွဲရလဒ်အား ပစ်ပယ်သည့် မည်သည့်နိုင်ငံရေးအပြောင်းအလဲကိုမှ လက်ခံမည်မဟုတ်

ရိုးမ ၃။ သြဂုတ် ၆၊ ၂၀၀၇

၁၉၉၀ ခု၊ မေလရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခြင်း၊ ပြည်သူတရပ်လုံး၏ဆန္ဒ မပါဝင်သော မည်သည့်နိုင်ငံရေးအပြောင်းအလဲကိုမှ လက်ခံမည်မဟုတ်ပဲ ပြတ်သားစွာ ဆန့်ကျင်သွားမည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) (နိုင်ငံခြားရေးကော်မတီ) က သဘောထားထုတ်ပြန်လိုက်သည်။ 

ယခုလ (၈) ရက်နေ့တွင် ကျရောက်မည့်  ၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှုအရေးတော်ပုံ (၁၉) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ယခုလို သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

ယနေ့ (နအဖ)စစ်အုပ်စုလက်ထက်တွင် မြန်မာပြည်သည် မည်သည့်ခေတ်နှင့်မျှမတူအောင် ဘက်ပေါင်းစုံ အကြပ်အတည်းများဖြင့် ဆိုးဝါးနိမ့်ကျနေသလို စစ်အစိုးရခေါင်းဆောင် ထိပ်သီး အုပ်စု၏ အကျိုးစီးပွားအပေါ် အခြေခံသည့် ရေရှည်စစ်အာဏာရှင်တည်မြဲရေး အခြေခံတခုကို ရွေးဆွဲနေသည်ဟု ဆိုသည်။ 

ကျင်းပပြုလုပ်နေသည့် ညောင်နှစ်ပင်ညီလာခံသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှုင့်  ပြည်သူ့ဆန္ဒ မပါဝင်ခြင်းအပြင် ၁၉၉၀ မေလရွေးကော်ပွဲရလဒ်ကို ဖျက်ဆီးရန် ရည်ရွယ် လုပ်ဆောင်နေခြင်းကြောင့် ပြတ်သားစွာ ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။ 

စစ်အစိုးရကျင်းပနေသည့် ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး၊ မပြုရေးသည် ၉၀ ခုနှစ်ရလဒ်အား ဖျက်သိမ်းရေး၊ မဖျက်သိမ်းရေး ဆိုသည့် အချက်အပေါ် မူတည်သည့် အလျှောက် စစ်အာဏာရှင်စနစ်လား၊ အမျိုးသားအသီးသီး ပြည်သူတို့အကျိုးစီးပွားကို အခြေခံမည့် ဒီမိုကရေစီစနစ်လားဆိုသည့် အဆုံးအဖြတ်ဖြစ်သည်ဟု ဆိုသည်။ 

၁၉၉၀ ရွေးကောက်ပွဲတွင် တပ်မတော်သားအများစုအပါအ၀င် ပြည်သူတရပ်လုံးက ဆန္ဒ သဘောထားပြုခဲ့သော  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် မြန်မာပြည် ဒီမိုကရေစီ ရေးတိုက်ပွဲ၏ တပ်ဦးပါတီဖြစ်သည်နှင့်အညီ ယခုလိုကာလမျိုးတွင် စစ်အစိုးရ ကျင်းပနေသည့် အမျိုးသားညီလာခံနှင့်ပတ်သက်သည့် ရှင်းလင်းပြတ်သားသော သဘောတားတရပ် ထုတ်ပြန် ရန်နှင့် ပြည်သူတရပ်လုံးအား အနာဂတ်ဒီမိုကရေစီတိုင်းပြည် ပေါ်ထွန်းရေးအတွက် လမ်းညွှန် ဦးဆောင်သွားရန် အဆိုပါကြေညာချက်က တိုက်တွန်းခဲ့သည်။   

ယခုလ (၃) ရက်မှ (၄) ရက်ထိ နှစ်ရက်ကြာ (ဗကသ)နိုင်ငံခြားရေးကော်မတီ၏ စုံညီ အစည်းအဝေးတခုကိုလည်း ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပခဲ့ရာ အဆိုပါကော်မတီ အစည်းအဝေးမှ နိုင်ငံရေးသဘောထားများ ချမှတ်ခဲ့ရာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်ငြိမ်းချမ်းရေးအတွက် လူထုတိုက်ပွဲ ဖော်ဆောင်သွားရန် ပိုမို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org