|
လူ့အခွင့်အရေးအသိအမြင် ရှင်သန်မလာစေရန်လုပ်ဆောင်ခြင်းကို
ပြင်းထန်စွာကန့်ကွက်
ဗထူး။
သြဂုတ် ၁၊ ၂၀၀၇
စစ်အစိုးရအနေဖြင့် ပြည်သူများအတွင်း လူ့အခွင့်အရေးကို နားလည်လက်ခံမှု
ရှင်သန်မလာနိုင် ရေးအတွက် အစီအစဉ်ရှိရှိ လုပ်ဆောင်နေခြင်းကို
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက်(HRDP)က ယနေ့
ကန့်ကွက်ရှုတ်ချလိုက်သည်။
(HRDP)က
ယနေ့ ကြေညာချက်တစောင်ထုတ်ပြန်ကာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်
မှုများကို ကန့်ကွက်ရှုတ်ချလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂ
လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အချက်
အလက်များအား လူတိုင်း သိရှိလက်ခံကျင့်သုံးလာစေရန် (HRDP)ကွန်ယက်က
လုပ်ဆောင် နေခြင်းဖြစ်ပြီး မည့်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတို့၏
အကျိုးစီးပွားကို ဆောင်ရွက်ခြင်း မဟုတ်သလို
ပျက်စီးရာပျက်စီးကြောင်းလည်း လုပ်ဆောင်နေခြင်းမဟုတ်ဟု ဆိုသည်။
ပြည်သူများအတွင်း လူ့အခွင့်အရေးအသိအမြင်များ တိုးပွားလာစေရန်
အသိပေးဖြန့်ဝေခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို
ဖော်ထုတ်ကူညီဆောင်ရွက်ခြင်းများကို (HRDP)က ဆောင်ရွက်နေခြင်းဖြစ်သည်ဟု
ထုတ်ပြန်ကြေညာချက်က ဆိုသည်။
စစ်အစိုးရ
အာဏာပိုင်များအနေဖြင့် ယခုလ (၃၀) ရက်နေ့တွင် (HRDP) အဖွဲ့၏
ပဲခူးတိုင်း၊ ပြည် မြို့နယ်အတွင်း လူ့အခွင့်အရေးလုပ်ငန်းများ
လုပ်ဆောင်နေစဉ် လူ့အခွင့်အရေး ဆွေးနွေးပွဲ ပြုလုပ်သည့် အိမ်ရှင်
ကျူရှင်ဆရာ ကိုမင်းမင်း (ခ) ကိုလမင်းထွန်းအား ဖွင့်လှစ်သင်ကြားခြင်း
မပြုတော့သည့် ကျူရှင်လုပ်ငန်းကို အကြောင်းပြအမှုဆင်ကာ ထောင်ဒဏ်
(၃)နှစ်နှင့် ဒဏ်ငွေ သုံးသောင်း ချမှတ်ခဲ့သည်။
အဆိုပါနေ့တွင်ပင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပနေသည့်
အာစီယံနိုင်ငံခြားရေးဝန်ကြီး များဆွေးနွေးပွဲတွင်
ဒေသတွင်းနိုင်ငံများအကြား လူ့အခွင့်အရေးကော်မရှင်တရပ် ထားရှိရေး
အဆိုကို အပြင်းအထန်ငြင်းဆန်ခဲ့ရာမှ သဘောတူကြောင်း စစ်အစိုးရက
လက်မှတ်ရေးထိုးခဲ့ သည်။
ယခုနှစ်
ဧပြီလ (၁၈) ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံရွာအနီးတွင်
မြို့နယ် မယက၊ ကြံ့ဖွံ့နှင့် ရဲတပ်ဖွဲ့ဝင်များက ပြည်သူအယောင်ဆောင်ကာ (HRDP)
အဖွဲ့ဝင်နှစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို
ပြုလုပ်ပြီးနောက် အမှုဆင်ကာ လူ့အခွင့်အရေးလုပ်ငန်းလုပ်ဆောင်သူ
(HRDP)အဖွဲ့ဝင်တဦးနှင့် အုတ်ပုံကျေးရွာသား (၅)ဦးကို ယခုလ (၂၄)
ရက်နေ့တွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွမ်းဟိန်းမြို့နယ်တွင်
လူ့အခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ စဉ်က (HRDP)အဖွဲ့ဝင်များအား
လက်ခံတည်းခိုခွင့်ပြုခဲ့သူ မူလတန်းပြဆရာမ ဒေါ်မေသီဟန် အား
အလုပ်မှထုတ်ပယ်ခြင်းကိုလည်း ပြုလုပ်ခဲ့ရာ အဆိုပါလုပ်ရပ်များသည်
ပြည်သူများအတွင်း လူ့အခွင့်အရေးအသိအမြင်များ
ရှင်သန်ကြီးထွားမလာစေရန်နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ ကို
လက်မခံရဲစေရန် အစီအစဉ်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သဖြင့်
ထိုလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။
|