|
အာစီယံကို နိုင်ငံတခုရဲ့ဓားစာခံ
မဖြစ်စေလို
ရိုးမ ၃။
သြဂုတ် ၄၊ ၂၀၀၇
မြန်မာစစ်အစိုးရကို
ရည်ညွှန်းကာ ဥရောပသမဂ္ဂ(EU) အကြီးအကဲတဦးက အာစီယံအနေဖြင့်
ပြောင်းလဲမှုမရှိသော အဖွဲ့ဝင်နိုင်ငံတခုကြောင့် ဓားစာခံမဖြစ်စေလိုပါဟု
ပြောဆို လိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာတွင်ပြုလုပ်နေသည့် အာစီယံလုံခြုံရေး
အင်အားစုများ၏ မဟာမိတ်များနှင့် ဆွေးနွေးပွဲတွင် ဖိတ်ကြား ထားသော
သတင်းထောက်များကို (EU)နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ဂျက်ဗီယာ
ဆိုလန(Javier Solana) က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
၎င်းက
အာစီယံသည် (၁၀)နိုင်ငံ ပေါင်းစပ်ထားပြီး ဒေသတွင်း အုပ်စုဖွဲ့ထားသော
အဆိုပါအဖွဲ့ တွင် မှားယွင်းစွာ လုပ်ဆောင်နေသော အဖွဲ့ဝင်နိုင်ငံတခုဟာ
ခုထိတော့ ပြောင်းလဲမှုမရှိဘူးဟု စစ်အစိုးရကိုရည်ညွှန်းကာ အလေးအနက်
ပြောဆိုခဲ့သည်။
“အာစီယံဟာ
သူပိုင်ဆိုင်တဲ့ အဖွဲ့ဝင်နိုင်ငံများကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို
အဆုံးအဖြတ် လုပ်ရပါမယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ပေါ်လစီကို
မြန်မာနိုင်ငံကို ရှင်းပြ ရပါမယ်။ အာစီယံနိုင်ငံများအနေနဲ့လဲ
မြန်မာနိုင်ငံနဲ့ ဘာတွေဆက်လုပ်ကြရမယ်ဆိုတာကို ဆုံးဖြတ်ကြရပါလိမ့်မယ်။
ကျွန်တော်တို့အနေနဲ့ အာစီယံကို နိုင်ငံတခုရဲ့ဓားစာခံ မဖြစ်စေချင်
ပါဘူး”လို့ ဆိုလနက ဆိုသည်။
လွန်ခဲ့သည့်
(၁၇) နှစ်မှစ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်နှင့် ဒီမိုကရေစီရေး
ပြုပြင်ပြောင်းလဲမှုများအတွက် တွန့်ဆုတ်နေသော စစ်အစိုးရအပေါ်
(EU)အနေဖြင့် စိတ်ပျက်မိကြောင်းဆိုသည်။
“ကျွန်တော်အနေနဲ့ မြန်မာနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ပေါ်လစီကို
ပြောင်းလဲဖို့အတွက် သိသိသာသာ တိုးတက်မှု မတွေ့ရသေးပါဘူး။
မြန်မာနိုင်ငံအနေနဲ့လဲ အများကြီးလုပ်ရဦးမယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု
ဆိုလနက ပြောဆိုသည်။
အာစီယံခေါင်းဆောင်များ သဘောတူခွင့်ပြုထားမည့် ဒေသဆိုင်ရာ ဥပဒေချာတာသည်
အာစီယံ နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေး ပြန်လည်တည်ဆောက်ရေး အတွက် ပိုမို၍
ဖိအားပေးဆောင်ရွက်နိုင်လိမ့်မည်ဟု (EU)အနေဖြင့် ယုံကြည်ကြောင်း ဖေါ်ပြ
ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ဒေသတွင်း လူ့အခွင့်အရေးကော်မရှင်တရပ်
ဖွဲ့စည်းရေး နှင့် အာစီယံပဋိညာဉ်အတွက် အငြင်းပွားဖွယ်
အသေးစိတ်အချက်အလက်များကို အာစီယံ အတွင်း ခက်ခဲစွာ
ဆွေးနွေးရဦးမည်ဖြစ်သည်။ |