Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို စစ်အစိုးရကဖမ်းဆီး
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးနေဆဲ

ရိုးမ ၃။ သြဂုတ် ၂၂၊ ၂၀၀၇

လောင်စာဆီဈေးမြင့်တက်လာမှုကြောင့် တိုင်းပြည်အတွင်း ဖြစ်ပေါ်နေသည့် အထွေထွေ အကြပ်အတည်းများကို ဖြေရှင်းပေးရန် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို စစ်အစိုးရ ယမန်နေ့ ညသန်းခေါင်တွင် နေအိမ်များမှ ဖမ်းဆီး သွားခဲ့သည်။ 

ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြမှုပြုလုပ်ခဲ့ပြီး လတ်တလောဖြစ်ပေါ်နေသည့် အကြပ်အတည်း များကို အမြန်ဆုံး ဖြေရှင်းပေရန် တောင်းဆိုခဲ့သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ယနေ့ထုတ် စစ်အစိုးရသတင်းစာက နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်ပျက်ပြား စေရန်နှင့် အမျိုးသားညီလာခံပျက်ပြားစေရန် ဆန္ဒပြ သွေးထိုးလှုံဆော်ခဲ့သူများအား သက်ဆိုင်ရာက ခေါ်ယူထိန်းသိမ်းလိုက်သည်ဟု ဖော်ပြခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် (၁၄)ဦး အမည်စာရင်းများအား ဖော်ပြခဲ့သည်။ 

“ခေါင်မိုးကိုပဲ သူတို့ သုံးခါလောက်တက်ရှာတယ်။  ဒါဟာ နိုင်ငံရေးသမားတစ်ယောက်ရဲ့အိမ် ဖြစ်တယ်။ အဲလောက်ထိ လုပ်စရာအကြောင်းမရှိဘူး။ သိက္ခာရှိရှိ လုပ်ကြပါ။ ဒီထက် အတိုင်းအတာတခုထိ လွန်လာမယ်ဆိုရင် ကျမတို့ လက်မခံနိုင်ပါဘူးဆိုတဲ့ အကြောင်းကို ကျမက ပြောပါတယ်” ဟု ကိုဂျင်မီ၏ဇနီးဖြစ်သူ မနီလာသိန်းက ဆိုသည်။ 

ကိုဂျင်မီကို လာရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင် (၄၀)ဦးခန့် ပါဝင်ပြီး ဒုရဲမှူး အောင်ခြိမ့်မှ ဦးဆောင်ကာ ည (၁၂) နာရီတွင် ဖမ်းဆီးသွားခဲ့ပြီးနောက် အဆိုပါရဲတပ်ဖွဲ့ဝင်များက အိမ်သို့ (၁၂) နာရီမှ (၃) နာရီအထိ စာရွက်စာတမ်းများ လိုက်လံရှာဖွေခဲ့ပြီး နံနက် (၅)နာရီကလည်း ထပ်မံ လာရောက်ရှာဖွေခဲ့သည်ဟု ဆိုသည်။ 

“ဒီတစ်ခေါက် ကျောင်းသားခေါင်းဆောင်တွေ ဖမ်းတဲ့အခါမှာ သာမန်သွေးရိုးသားရိုး စုံစမ်း မေးမြန်းချင်တဲ့သဘော မပေါက်ပဲနဲ့ အတင်းအဓမ္မ သူတို့လိုချင်တဲ့ ပုံစံခွက်ထဲကို မရောက် ရောက်အောင် အပြစ်ကို မရှိရှိအောင် လုပ်ဆောင်တယ်လို့ ကျမ သတ်မှတ်တယ်” ဟု မနီလာသိန်းက ဆိုသည်။ 

ရဲတပ်ဖွဲ့ဝင်များက လက်ကိုင်ဖုန်းတလုံးကို သိမ်းယူသွားခဲ့ပြီး ညအချိန်ကတည်းက အိမ်ဖုန်း လိုင်းကိုလည်း ဖြတ်တောက်ထားခဲ့သည်။  

ရန်ကုန်မြို့၊ ဆရာစံလမ်းရှိ ပြည်ထဲရေးဝန်ကြီးဌာနက ရုံးတွင် ကိုဂျင်မီနှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အားလုံးရှိနေသည်ဟု အဆိုပါရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။ 

ယနေ့တွင် ရန်ကုန်မြို့အနှံ့အပြား အရပ်ဝတ်ဖြင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များနှင့် ရဲထောက်လှမ်းရေး များကို ထူထပ်စွာ ချထားပြီး အဓိကနေရာများတွင် ပိုမိုလုံခြုံရေးချထားကြောင်း မြို့ခံတဦးက ဆိုသည်။

“သရက်တောကျောင်းတိုက်ဆို အထဲကော အပြင်ကော ၀င်ပေါက်တွေအားလုံးကို ပိတ်ထား တယ် ။ အထဲမှာလည်း တချို့ တွေ့နေရတယ်။ မြို့ထဲဆိုရင် ဘားလမ်း၊ ထရိတ်ဒါးဟော်တယ် ရှေ့မှာ တော်တော်များများကို တွေ့ရမယ်” ဟု ရန်ကုန်မြို့မှ မြိုခံတစ်ဦးက ဆိုသည်။  

ယနေ့တွင် ရန်ကုန်မြို့ နေရာအတော်များများတွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု အတွက် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်များက အကြမ်းဖက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org