Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လောင်စာဆီဈေးနှုန်းများ မြှင့်တင်လိုက်ခြင်းဖြင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများကို စစ်အစိုးက အရေးတကြီးဖြေရှင်းပေးရန် တောင်းဆို

ဗထူး။ သြဂုတ် ၁၈၊ ၂၀၀၇

ယခုလ (၁၅) ရက်နေ့က လောင်စာဆီဈေးနှုန်းများ အဆမတန်မြှင့်တင်လိုက်သည့်အတွက် ဖြစ်ပေါ်လာမည့် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အထွေထွေအကြပ်အတည်း များကို စစ်အစိုးရအနေဖြင့် အရေးတကြီးဖြေရှင်းပေးရန် ၈၈ မျိုးဆက် ကျောင်းသားများက တောင်းဆိုလိုက်သည်။ 

လောင်စာဆီဈေးနှုန်းများတိုးမြှင့်လိုက်သည့်အတွက် လတ်တလော ဖြစ်ပေါ်နေသည့် အကြပ်အတည်းနှင့် နောက်ဆက်တွဲ ပြဿနာရပ်များကို ထောက်ပြကာ ၈၈ မျိုးဆက် ကျောင်းသားများက ယနေ့သဘောထားကြေညာချက်တစောင် ထုတ်ပြန်ကာ စစ်အစိုးရကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံသားအများစုသည် ဆင်းရဲကြပ်တည်းပြီး ၇၀ ရာခိုင်နှုန်းမှာ တောင်သူလယ်သမား ကျေးလက်နေပြည်သူများဖြစ်ကာ လယ်ယာသုံးစက်ကရိယာ၊ မြစ်ရေတင်စီမံကိန်းနှင့် သီးနှံ ကြိတ်ခွဲ သယ်ယူပို့ဆောင်ခြင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက်မှာ လောင်စာဆီဖြစ် သည်ဟု ဆိုသည်။ 

ယင်းနှင့်အတူ မြို့နေလူအများစုသည် မြို့သစ်ဆင်ခြေဖုံးအရပ်များတွင် နေထိုင်သူများဖြစ်ကာ တက္ကသိုလ်ကျောင်းသားများမှာလည်း မြို့နှင့်အလှမ်းဝေးသည့် တက္ကသိုလ်၊ ကောလိပ်များသို့ နေ့စဉ်သွားရောက် အလုပ်လုပ်ကိုင် ပညာသင်ကြားနေရသည်ဟု ဆိုသည်။ 

မလောက်မငသော ၀င်ငွေဖြင့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေအကြပ် အတည်းများနှင့် ကြုံတွေ့နေရချိန်တွင် လိုအပ်သည့် ပြင်ဆင်မှုများ၊ ကြိုတင်အသိပေးမှုများ မပြုလုပ်ဘဲ စစ်အစိုးရအနေဖြင့် လောင်စာဆီဈေးနှုန်းများကို အဆမတန်တိုးမြှင့်လိုက်ခြင်းသည် “ရေနစ်သူကို ၀ါးကူထိုး” လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ဓါတ်ဆီ၊ ဒီဇယ်ဆီ လောင်စာဆီဆိုတာက တိုင်းပြည်ရဲ့ အခြေခံပဲ။ လောင်စာဆီဈေးကြီးရင် ကုန်ဈေးနှုန်း ဈေးကြီးမယ်။ လယ်ယာကဏ္ဍမှာလည်း စက်မှုပိုင်းတွေနဲ့ သုံးရတဲ့အခါကျတော့ လယ်ယာသုံးပစ္စည်းတွေမှာလည်း ဈေးကြီးလာမယ်။ လယ်ထွက်သီးနှံတွေလည်း ဈေးကြီးလာ မယ်၊ အစစအရာရာ ဈေးကြီးမယ်ပေါ့ဗျာ။ ချုပ်လိုက်လို့ရှိရင် အခြေခံစားကုန်တွေ တက်သွား မှာပေါ့” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီက ပြောဆိုသည်။  

ဓါတ်ဆီနှင့် ဒီဇယ်ဆီမှာ နိုင်ငံခြားမှ မှာယူတင်သွင်းနေရသည့်အတွက် ကမ္ဘာ့ဈေးကွက်တွင် ဈေးတက်နေ၍ ဈေးနှုန်းမြှင့်သည်ဆိုသည်မှာ ဖြစ်နိုင်ချေရှိသော်လည်း (CNG) သဘာဝဓါတ်ငွေ့ အလျှံအပယ်ထွက်နေသည့် တိုင်းပြည်တွင် ဈေးနှုန်းအဆမတန် တိုးမြှင့်လိုက်ခြင်းကို မေးချင် သည်ဟု ဆိုသည်။

အမှန်တကယ်တွင် တိုင်းပြည်တွင်း သဘာဝဓါတ်ငွေ့အား ဈေးပေါပေါဖြင့် ဖြန့်ဖြူးပါက များစွာ အဆင်ပြေစေမည်ဖြစ်ပြီး တရုတ်အပါအ၀င် အိမ်နီးချင်းနိုင်ငံများသို့ သဘာဝဓါတ်ငွေ့များစွာ ထုတ်ရောင်းနေသည့်အတွက် ပြည်တွင်းတွင် ကုန်ဈေးနှုန်းတက်ရခြင်းနှင့် အကြပ်အတည်းများ ကို ဖြစ်စေသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရ၏ လောင်စာဆီများ အဆမတန်တိုးမြှင့်လိုက်သည့်အတွက် ကုန်ဈေးနှုန်းများ ယခုအခါ နေ့စဉ်တိုးမြင့်လာလျှက်ရှိပြီး ပြည်သူအများစုမှာ ခရီးသွားလာမှုစရိတ် များစွာ ကုန်ကျနေမှုနှင့် ရင်ဆိုင်ရသဖြင့် တိုင်းပြည်အတွင်း ပြည်သူများ၏ မကျေမနပ်မှုများ တိုးပွားလာနေသည်ဟု သုံးသပ်သူများက ဆိုသည်။ 

“ပြည်သူတို့ရဲ့ ခံစားချက်အမှန် အဲ့ဒါကို ကျနော်တို့နားထောင်ရမှာပဲ၊ ပြည်သူလူထုဆိုတာက ရင်ဝယ်သားလို အုပ်ချုပ်ခံရမဲ့သူတွေပေါ့ဗျာ၊ ပြည်သူလူထုဆိုတာ သားကောင်လုပ်ဖို့မဟုတ်ဘူး၊ ပြည်သူက သူတို့ကို သားကောင်လုပ်နေတယ်လို့ သိလာလို့ရှိရင် သူတို့ဆန္ဒအမှန်တွေက ပွင့်အံထွက်လာလိမ့်မယ်။ အဲ့ဒါက ဖန်တည်းယူလို့လည်းမရဘူး၊ ဖြစ်လာလို့ရှိရင်လည်း တားလို့ မရဘူး” ဟု ကိုဂျင်မီက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org