Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဖွဲ့စည်းပုံသံသရာ ဆိုးကျိုးမခံစားရေးမှာ ပြည်သူတရပ်လုံး၏ တာဝန်ဖြစ်သည်ဟုဆို

ရိုးမ ၃။ သြဂုတ် ၆၊ ၂၀၀၇

ဖွဲ့စည်းပုံအခြေခံဥပေဒေတရပ်ကို အာဏာပိုင်များက တဖက်သတ် ရေးဆွဲခဲ့ခြင်းကြောင့် တိုင်းပြည်နိမ့်ကျခဲ့ရသည့် ဖြစ်စဉ်များကို ထောက်ပြကာ ဖွဲ့စည်းပုံသည် ပြည်သူများ၏ အဆုံးအဖြတ် ပါဝင်ရန်လိုကြောင်း ယမန်နေ့က ပြောဆိုလိုက်သည်။ 

လာမည့် (၈) ရက်နေ့တွင်ကျရောက်မည့် ၁၃၅၀ ပြည့် ရှစ်လေးလုံး လူထုအုံကြွမှု (၁၉) နှစ် မြောက် နှစ်ပတ်လည်နေ့အတွက် ၈၈ မျိုးဆက် ကျောင်းသားများက အထက်ပါအတိုင်း သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

သမိုင်းသည် သင်ခန်းစာယူရန်ဖြစ်ပြီး ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ပေါ်လာရခြင်းကို ဘက်လိုက်မှုကင်းစွာ သုံးသပ်ရန်လိုသည်ဟု ဆိုသည်။ 

နိုင်ငံတခု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကို ပုံဖော်ပြဌာန်းသည်မှာ ဖွဲ့စည်းပုံအခြေခံဥပေဒေ ဖြစ်ကြောင်း ၁၉၇၄ ခုနှစ် အခြေခံဥပဒေ ရေးဆွဲရာတွင်လည်း နိုင်ငံရေးသဘောထား ကွဲလွဲသူ များကို ဖမ်းဆီးချုပ်နှောင်၍ တဖက်သတ် ရေးဆွဲခဲ့ခြင်းကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားခဲ့ရသည်ဟုဆိုသည်။ 

လက်ရှိ တပ်မတော်အစိုးသည်ပင်လျှင် ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ပြည်သူ့အရေးတော်ပုံကြီး ၏ တောင်းဆိုချက်များကို အသိအမှတ်ပြုခဲ့ရသလို ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက် စီးပွားရေးစနစ်များကို လက်ခံခဲ့ရသဖြင့် ၁၉၆၂ တွင် စစ်တပ်မှအာဏာသိမ်းကာ ၁၉၇၄ ဖွဲ့စည်းပုံ ရေးဆွဲစဉ်ကာလနှင့် ယနေ့ကာလကို နှိုင်းယှဉ်ရန် လိုအပ်ကြောင်းဖော်ပြခဲ့သည်။ 

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖက်သတ်ရေးဆွဲကျင့်သုံးခဲ့ခြင်းကြောင့် ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ပေါ်လာခဲ့ရသည်ဟုဆိုကာ နောင် အလားတူပေါက်ကွဲမှုမျိုး မကြုံတွေ့စေရန် ယခု ရေးဆွဲနေသည့် ဖွဲ့စည်းပုံအပေါ်တွင် မူတည်သည်ဟုဆိုသည်။ 

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ သံသရာဆိုးကျိုးများ ထပ်မံမပေါ်ပေါက်ရေးမှာ နိုင်ငံသား တိုင်း၏ တာဝန်ဖြစ်သည်ဟု တိုက်တွန်းနှိုးဆော်ထားသည်။ 

ယခုလ (၁) ရက်နေ့ကလည်း ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် (၉၂) ဦးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ မြန်မာ့အရေး ကြားဝင်ဆောင်ရွက် ပေးရန် လက်မှတ်ရေးထိုး တောင်းဆိုထားသည့် စာတစောင် ပေးပို့ခဲ့သည်။ 

အဆိုပါစာတွင်  စစ်အစိုးရအနေဖြင့် ယခုပြုလုပ်နေသည့် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်နေ သည့် မူများအား အဆိုပြုချက်တရပ်အဖြစ် သတ်မှတ်ကာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး  အင်အားစုအားလုံး အချိုးကျပါဝင်သည့် အခြေခံဥပဒေရေးဆွဲရေးကော်မတီတရပ်ကို ဖော်ဆောင်၍ မူကြမ်းရေးဆွဲရန် တောင်းဆိုထားသည်။ 

အကယ်၍ စစ်အစိုးရအနေဖြင့် ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းကို အများဆန္ဒကိုမျက်ကွယ်ပြုကာ တဖက်သတ် ရေးဆွဲခဲ့ပါက ၄င်းတို့အနေဖြင့် ယခုရေးဆွဲနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သွားမှာဖြစ်ပြီး အဆိုပါဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲပြုလုပ်ချိန်တွင် ပြည်သူ တရပ်လုံး ဆန့်ကျင်သွားရန် စည်းရုံးလှုံဆော်သွားမည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org