|
လွတ်လပ်ရေးကို လက်ဝယ်ရရှိသည့်တိုင်
ရုန်းကန်တိုက်ပွဲဝင်ဖို့လိုသည်ဟုဆို
ရိုးမ ၃။
သြဂုတ် ၁၃၊ ၂၀၀၇

ကရင်အမျိုးသားများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့် ရရှိရေး
လက်ရှိတိုက်ပွဲဝင်နေမှုအပေါ် ဝိဝါဒမကွဲပြားဘဲ
ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် လွတ်လပ်ရေးကို
လက်ဝယ်ပိုင်ပိုင်ရသည့်တိုင် ရုန်းကန်တိုက်ပွဲဝင်ကြရန်
ကရင်အမျိုးသားခေါင်းဆောင်က ယမန်နေ့က ပြောဆိုလိုက်သည်။
ယမန်နေ့က
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကရင့်အမျိုးသားအစည်းအရုံး(KNU) မှ ဦးစီး
ကျင်းပခဲ့သည့် (၅၇)နှစ်မြောက် အာဇာနည်နေ့တွင် (KNU)ဥက္ကဋ္ဌ
ဖဒိုစောဘသင်စိန် ပေးပိုခဲ့ သည့် မိန့်ခွန်းတွင် ယခုကဲ့သို့
ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် ကရင့်အမျိုးသား
အာဇာနည်များအတွက် ရည်စူးကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည့်
အဆိုပါအခမ်းအနားများကို တပ်မဟာနယ်မြေ အသီးသီးတွင်လည်း ကျင်းပခဲ့ကြသည်။
ဖဒိုစောဘသင်စိန်က ကရင်အမျိုးသားများ၏ လွတ်လပ်ရေးအတွက်
ကြိုးပမ်းအားထုတ်ခဲ့သည် မှာ (၅၇)ပြည့်ပြီဖြစ်သော်လည်း တာဝန်တွေကတော့
မပြီးဆုံးသေးကြောင်း၊ အနာဂတ်တွင် မလွဲမသွေ မီးတင်စမ်းသပ်ခြင်း
ခံကြရဦးမှာဖြစ်သည်ဟုဆိုသည်။ တိုင်းပြည်နှင့် လူမျိုးတိုင်း သည်
မိမိတို့လွတ်မြောက်ရေးအတွက် အသက်သွေးများဖြင့် စတေးခံပြီး
ရယူခဲ့ကြတာဖြစ်၍ လွယ်လွယ်လေးနှင့် ရယူသွားကြတာမရှိတာကြောင့်
ဂုဏ်သိဏ္ခာရှိသည့် လူမျိုးတမျိုးအနေဖြင့် ရပ်တည်သွားသည်ကို မြင်လိုသည်ဟု
အခမ်းအနားသို့ ပေးပို့ခဲ့သည့် မိန့်ခွန်းကဆိုသည်။
ယမန်နေ့က
ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားသို့ (KNU)ဗဟိုမှ တာဝန်ရှိသူများ၊
ထိုင်း-မြန်မာ နယ်စပ်ဒေသအခြေစိုက် အဖွဲ့အစည်းအသီးသီးမှ
ခေါင်းဆောင်များ၊ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ
တပ်ရင်းတပ်ဖွဲ့များမှ ခေါင်ဆောင်များ၊ (KNLA)တပ်ဖွဲ့ဝင်များနှင့်
ကျောင်းသားကျောင်းသူများအပါအ၀င် ဧည့်ပရိတ်သတ် (၆၀၀)ကျော်
တက်ရောက်ခဲ့သည်။
“မပြီးဆုံးသေးသည့် ကရင့်တော်လှန်ရေးအား ပြီးဆုံးအောင်
အမျိုးသားရေးတာဝန်အရ ကရင်အမျိုးသားတရပ်လုံးက လုပ်ဆောင်ကြရမည်ဖြစ်သလို
စစ်အာဏာရှင်အောက်တွင် နင်းပြားဘ၀ရောက်နေသည့်
မြန်မာနိုင်ငံတခုလုံးအတွက်ပါ ပြည်သူအားလုံး ပါဝင်တိုက်ပွဲဝင် သွားရန်
လိုအပ်ကြောင်း” (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်က
ပြောဆို ခဲ့သည်။
(KNU) ၏
ခေါင်းဆောင်မှုသည် နိုင်ငံတကာမျှော်မှန်းထားသည့် သဘောထားဆန္ဒများနှင့်
ကိုက်ညီနေသည့်အတွက် ကရင်အမျိုးသားများသည် အထီးကျန်မဟုတ်ဘဲ
ငြိမ်းချမ်းရေးနှင့် တန်းတူရေးကိုသာ ငံ့လင့်ရှာဖွေနေသူများ ဖြစ်သည်အညီ
မိမိအရေးကိုမှ မိမိမလုပ်လျှင် မည်သူမျှ လာလုပ်ပေးမည်မဟုတ်သဖြင့်
ဖြတ်သန်းလာခဲ့သည့် (၅၇)နှစ်တာကာလအတွင်း အသက်ပေးလှူသွားသည့်
အာဇာနည်များ၊ သက်ကြီးရွယ်အို၊ လုလင်လုံမပျိုနှင့် ကလေးသူငယ်
အပေါင်းတို့ကို သတိရကြ၍ အချင်းချင်း ကူညီရိုင်းပင်းကာ
အရှိန်အဟုန်ပြင်းစွာ ဆက်လက် ချီတက်သွားကြရန် (KNU)ဥက္ကဋ္ဌက
တိုက်တွန်းခဲ့သည်။
ယနေ့ကျရောက်သည့် ကရင်အမျိုးသားအာဇာနည်နေ့ကို
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် စာသင်ကျောင်းများတွင်လည်း
ကျင်းပပြုလုပ်ခဲ့ကြသော်လည်း စစ်အစိုးရကမူ နိုင်ငံတွင်း၌
အဆိုပါအခမ်းအနားများ ကျင်းပခွင့်ကို ပိတ်ပင်ထားဆဲဖြစ်သည်။
|