|
မျဉ်းပြိုင်နှစ်ခု ပေါင်းစပ်ပေးမည့်
တည်ဆောက်မှုတခု လိုအပ်သည်ဟုဆို
ဗထူး။
သြဂုတ် ၃၀၊ ၂၀၀၇
ယနေ့ကြုံတွေ့နေရသည့် ပြည်သူလူထုအကြပ်အတည်းကို ဖြေရှင်းရန်
တွေ့ဆုံဆွေးနွေး၍ ပြည်သူ့လွှတ်တော်ကို မနှေးအမြန် ခေါ်ယူပေးရန်
အထူးကြေညာချက် အမှတ် (၆) အဖြစ် NLD ပါတီက ထုတ်ပြန်ခဲ့သည်။
လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာသည့်အတွက် လူမှုဒုက္ခ ဘ၀အခက်အခဲ
အမျိုးမျိုး ကြောင့် မခံမရပ်နိုင်ဖြစ်ကြသဖြင့် ပြည်သူလုထု၏
ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ပေါ်ပေါက်လာရ သည်ဟု အထူးကြေညာချက်ကဆိုသည်။
အဆိုပါဆန္ဒပြမှုများကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသော
အဖွဲ့အစည်းများက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးနေခြင်းသည် ပြည်တွင်း
လူပုံအလယ်နှင့် နိုင်ငံတကာအမြင်တွင် အလွန်အမင်း သိဏ္ခာကျလျှက်ရှိပြီး
မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဖော်ပြ ထားသည်။
ရိုင်းစိုင်းလှသည့် အကြမ်းဖက် ဖြေရှင်းသည့်နည်းလမ်းများဖြင့် တဖက်သတ်
ဖြေရှင်းနေခြင်း သည် တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့်
လူမှုအကြပ်အတည်းများအတွက် လုံးဝ အဖြေပေါ်လာ မည်မဟုတ်သဖြင့် နိုင်ငံရေးအရ
အဓိပ္ပါယ်ပြည့်သည့် တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးစတင်ရန် လိုအပ်သည်ဟု
ဆိုသည်။
ယမန်နေ့က
စစ်အစိုးရထုတ်သတင်းစာတွင် NLD ပါတီအနေဖြင့် ဆန့်ကျင်နေမည့်အစား တဦး
ချင်းဖြစ်စေ၊ အဖွဲ့အစည်းအနေနဲ့ဖြစ်စေ စစ်အစိုးရချမှတ်ထားသည့်
မူဝါဒလမ်းစဉ် (၇) ချက် အကောင်အထည်ဖော်သည့် လုပ်ငန်းတွင်
ပါဝင်သင့်ကြောင်း ဆောင်းပါးရှင် ဗညားအောင်၏ ရေးသားချက်ကို
ဖော်ပြခဲ့သည်။
ယင်းဖော်ပြချက်နှင့်ပတ်သက်၍ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ
ဦးမြင့်သိန်းက “ကျနော်တို့ မူအရ ကျနော်တို့ တင်ပြခြင်းဖြစ်ပါတယ်။
သတင်းစာထဲပါတယ်ဆိုတာကလည်း ပြောရရင်တော့ သွယ်ဝိုက်ပြီး သူတို့ရဲ့မူက
ဖော်ပြတယ်လို့ ယူဆရင်လည်း ရပါတယ်။ ဆိုတော့ အဲ့ဒီနှစ်ခုကို ကျနော်တို့
ပေါင်းစပ်ပေးတဲ့ မျဉ်းပြိုင်နှစ်ခုကို ပေါင်းစပ်ပေးမဲ့ တည်ဆောက်မှုတခု
လိုအပ်လိမ့် မယ်လို့ ထင်တယ်။ ဒါကတော့ နှစ်ဦးနှစ်ဖက်
တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ကိုယ့်မူနဲ့ကိုယ်တော့
ပြောနေကြတာပေါ့ဗျာ။ ဆောင်ရွက်ချက်လုပ်နိုင်ဖို့ ဆိုတာကလည်း နှစ်ဖက်
စလုံးက အပေးအယူ အလျှော့အတင်းနဲ့ ဆောင်ရွက်ရမဲ့ကိစ္စရပ် ဖြစ်တယ်”ဟု
ဆိုသည်။
လက်ရှိကြုံတွေ့နေသည့် အခက်အခဲသည် လောင်စာဆီဈေးနှုန်းတခုတည်း
မဟုတ်တော့ပဲ ဆက်နွယ်နေသည့် အခြေခံစားကုန်ပစ္စည်းများနှင့်
ငွေနှင့်ပတ်သက်သည့် ဈေးနှုန်းဟူသမျှ တက်လာနေသည့်အတွက် လတ်တလောတွင်
တိုက်ရိုက်မထိခိုက်သေးသော်လည်း နောက်ပိုင်း တွင် ပိုမိုဆိုးဝါးလာပြီး
ပြည်သူများ၏ ခံစားမှုများ ကြီးထွားလာကာ ဆန္ဒဖော်ထုတ်မှုများ ရှိလာနိုင်
သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“အဲ့ဒါကြောင့် အခုဖြေရှင်းနေတဲ့ ဖြေရှင်းနည်းဟာ လတ်တလောဖြစ်ပေါ်နေတဲ့
ပြဿနာတွေကို ချုပ်ထိန်းတဲ့ ဖိနှိပ်တဲ့နည်းပဲ ဖြစ်ပါတယ်။ ပြဿနာကို
ဖြေရှင်းတဲ့နည်းမဟုတ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။ ပြဿနာကို
ဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းမှသာလျှင် ပြဿနာတွေ အေးငြိမ်းပြီး တော့
အားလုံးအတွက် ဘက်စုံထောင့်စုံအတွက် အလွှာစုံအတွက် ဖြေရှင်းတဲ့
ဖြေရှင်းနည်းတခု ကို ရလိမ့်မယ်လို့ ကျနော်တို့ယူဆပါတယ်”ဟု
ဦးမြင့်သိန်းက ပြောဆိုသည်။
NLD ပါတီ၏
အထူးကြေညာချက်တွင် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်တွင် ၁၉၉၀ ခု ရွေးကောက်ပွဲ
အနိုင်ရပါတီ၏ ခေါင်းဆောင်ဖြစ်သူ၊ တိုင်းရင်းသားပြည်သူတရပ်လုံးက
ယုံကြည်လေးစား အားထားလျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် မလွဲမသွေ
ပါဝင်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၃) တွင်ပါရှိသည့်
ပြဌာန်းချက်နှင့်အညီ စစ်အစိုးရက လွှတ်တော်ခေါ်ယူပေးရ မည်ဟု ဆိုသည်။
စစ်အစိုးရအနေဖြင့် NLD ပါတီ၏ အစဉ်တစိုက် တင်ပြနေသော
တွေ့ဆုံးဆွေးနွေးရေး၊ လွှတ်တော်ခေါ်ယူရေး တောင်းဆိုချက်များကို
အစဉ်တစိုက် ငြင်းပယ်နေပြီး ၎င်းတို့ရေးဆွဲ ထားသည့် မူအတိုင်း
လုပ်ဆောင်နေသည်သာ ဖြစ်သဖြင့် ယခုတောင်းဆိုမှုကိုလည်း လျစ်လျူရှု
ပစ်ပယ်ထားပါက NLD ပါတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍
ဦးမြင့်သိန်း က “ကျနော်တို့ပြောထားတဲ့ ငြိမ်းချမ်းချောမွေ့သော မူပါ၊
အကြမ်းမဖက်ရေး မူပါ၊ အဲ့ဒီမူနဲ့ကိုက်မဲ့ လုပ်ရပ်ဟူသမျှ ကျနော်တို့က
ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။ |