|
စစ်အစိုးရလက်ဝေခံအိမ်များသို့
ဆွမ်းခံမကြွရန် တိုက်တွန်းနှိုးဆော်
ရိုးမ ၃။
သြဂုတ် ၂၉၊ ၂၀၀၇

ပြည်သူအကြပ်အတည်းများအတွက် ဆန္ဒဖော်ထုတ်ခဲ့သူများကို အကြမ်းဖက်
ရိုက်နှက်ခဲ့သည့် စစ်အစိုးရ လက်ဝေခံအိမ်များသို့ ဆွမ်းခံမကြွရန်
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့သာမဂ္ဂီ အဖွဲ့က
တိုက်တွန်းနှိုးဆော်လိုက်သည်။
နိုင်ငံအနှံ့ လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာသည့်အတွက်
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရ ဖွဲ့စည်းထားသည့်
ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များက အကြမ်းဖက်
ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုက်တွန်း
နှိုးဆော်ခဲ့ခြင်းဖြစ်သည်။
မသူတော်တရား
မထွန်းကားမှီ သူတော်တရား အားမနည်းမှီ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရန်
ပြည်တွင်းပြည်ပ သံဃာတော်အရှင်မြတ်များနှင့် ပြည်သူတို့အား အဆိုပါ
တောင်းဆိုချက်တွင် ဖော်ပြခဲ့သည်။
စစ်အစိုးရ
အာဏာတည်မြဲရေးအား ထောက်ခံ၍ ပြည်သူအချင်းချင်း ရိုက်နှက်ဟန့်တားခဲ့ကြ
သည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့ဝင်များ၏ နေအိမ်များသို့
ဆွမ်းခံမကြွခြင်း၊ တရားဒေသနာ ဟောပြောမှုမလုပ်ခြင်း၊ သာရေးနာရေး
လူမှုရေးဆောင်ရွက်ချက်တို့အား ရှောင်ကြဉ်ခြင်းဖြင့်
သပိတ်မှောက်ကံဆောင်ရန် သံဃာ့သာမဂ္ဂီအဖွဲ့က တိုက်တွန်းနှိုးဆော်ခဲ့သည်။
စစ်အစိုးရအကြီးအကဲဆိုသူများက တည်ဆဲဥပဒေဟုဆိုကာ ဗုဒ္ဓဘာသာဂုဏ်ကို
မထောက်ပဲ ညှဉ်းပမ်းနှိပ်စက်ခြင်းအမျိုးမျိုး၊ ဖမ်းဆီးခြင်း၊
နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းတို့အားလည်း ကန့်ကွက်ရန်လိုအပ်ပြီး
ညီညွတ်မျှတသော ဥပဒေပေါ်ပေါက်ရန် ၀ိုင်းဝန်ကြိုးပမ်းကြရန်လည်း
တိုက်တွန်းခဲ့သည်။
အဆိုပါ
သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ချက်တစောင်ကိုလည်း
ကြေညာခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည် ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များကို ချက်ခြင်း လွှတ်ပေးရန် တောင်းဆိုထားပြီး
စစ်အစိုးရ၏ အာဏာတည်မြဲအောင် လုပ်ဆောင်မှုများကို ပြင်းထန်စွာ
ကန့်ကွက်ရှုတ်ချထားသည်။
ထို့အပြင်
မတရားသော လုပ်ရပ်များ ရပ်တန့်ရေး၊ တရားမျှတသော လူထုလှုပ်ရှားမှုများ
ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းသောနည်းဖြင့် တောင်းဆိုသည့်
လုပ်ရပ်တိုင်းကို စဉ်ဆက်မပြတ် ထောက်ခံအားပေးသွားမည်ဟု ကြေညာခဲ့သည်။
|