Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရေနံချောင်း (NLD) ကို (ခယက) က ခေါ်တွေ့
ကားခများကို ယခင်ဈေးနှုန်းအတိုင်းပြေးဆွဲရန် ကားလိုင်းများကို ဖိအားပေး

ဗထူး။ သြဂုတ် ၂၄၊ ၂၀၀၇  

ယမန်နေ့က အေးချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့သည့် ရေနံချောင်းမြို့နယ်၊ အင်န်အယ်ဒီပါတီမှ ခေါင်းဆောင်များကို အဆိုပါနေ့ညနေက ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မြို့နယ်(မယက)ရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ 

ယမန်နေ့က ရေနံချောင်းမြို့တွင် နံနက် (၈) နာရီမှစတင်ကာ လူအင်အား (၆၀) ဖြင့် လောင်စာ ဆီဈေးနှုန်း မြင့်တက်လာသည့်အပေါ် ဆန္ဒပြခဲ့သည့်အတွက် အင်န်အယ်ဒီပါတီခေါင်းဆောင် များကို ယခုကဲ့သို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

“သူတို့က ကျနော်တို့ကို (၂/၈၈)အရ လူငါးယောက်ထက် ပိုစုလို့မရဘူး၊ ဒါကို ကျူးလွန်ကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တို့က မထိုးဘူးဆိုတော့ ခေါ်ယူတာကို သိရှိကြောင်းလေးတော့ လက်မှတ်ထိုးပေးဖို့ ပြောတယ်။ အထက်ကို တင်ပြရမှာမို့ပါလို့ ပြောတယ်။ အစည်းအဝေး တက်ရောက်ကြောင်းတော့ ထိုးလိုက်တယ်။ ကျနော်ရယ်၊ ဒေါ်ခင်စောဌေးရယ်ကို ခေါ်တွေ့ တာပါ” ဟု အင်န်အယ်ဒီပါတီဝင် ကိုတင့်လွင်က ဆိုသည်။ 

ယမန်နေ့က ခေါ်ယူတွေ့ဆုံခြင်းမှာ မြို့နယ်(မယက)ရုံးတွင်ဖြစ်ပြီး ခရိုင်(ခယက)ဥက္ကဋ္ဌ၊ တိုင်း တရားသူကြီးနှင့် တိုင်းဥပဒေအရာရှိတို့ ပါဝင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

မြို့နယ်(မယက)မှ ကားခနှုန်းထားများ ချထားခြင်းကို အသိပေးခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိ တွင် မြို့တွင်းပြေးဆွဲနေသည့် ကားခများကို ကျပ် ၂၀၀ မှ ယခင်နှုန်းကျပ် ၁၀၀ သို့ ပြန်လည် ချထားခြင်းနှင့် မကွေးနှင့် ရေနံချောင်းသို့ ပြေးဆွဲနေသည့် ကားခများလည်း ယခင်နှုန်းထား အတိုင်း ချထားပြီးပြီဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။ 

“ဒါ ကျနော်တို့ မနေ့ကဆန္ဒပြခဲ့တဲ့ ရလဒ်ပေါ့နော်၊ ကားပိုင်ရှင်တွေကလည်း လက်ခံပြီးတော့ ချရတာပေါ့နော်၊ မနေ့ထဲက စချနေတာ၊ လိုင်းကားပေါ်မှာ ရဲတယောက်နှစ်ယောက် ထည့်ပေး ပြီးတော့ ကားခကို ချခိုင်းထားတာ၊ ကားပိုင်ရှင်တွေကတော့ နစ်နာမယ်၊ အရင်လောက် တွက်ချေကိုက်မှာ မဟုတ်ဘူး” ဟု ကိုတင့်လွင်က ဆိုသည်။ 

မြို့နယ်(မယက) အစီအစဉ်ဖြင့် မြို့ပေါ်ရှိ ကျောင်းသားများစီးသည့် လိုင်းကားများကို ရဲဝန်ထမ်း တဦးနှစ်ဦး လိုက်ပါကာ ယခင် ကားခနှုန်းအတိုင်း ကောက်ခံရန် လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု မြို့ခံတဦးက ဆိုသည်။ 

ရေနံချောင်းနှင့် ရန်ကုန်သို့ ပြေးဆွဲနေသည့် ကားလိုင်းများကို မြို့နယ်(မယက) မှ ယခင် နှုန်းထား ၅,၅၀၀ ကျပ်မှ ၉,၂၀၀ ထိ ကောက်ခံရန် သတ်မှတ်ခဲ့သည်။ 

“ကျနော်တို့မြို့မှာက ရန်ကုန်ကိုဆွဲနေတဲ့ ကျွန်းဆွယ်နဲ့ ထိပ်တန်းဆိုတာ ရှိတယ်။ ကားခကိုတော့ အစိုးရက သတ်မှတ်ပေးတာ။ ကားအုံနာတွေက ကားခ ၉,၂၀၀ ဆိုရင် စီးမယ့်လူမရှိနိုင်ဘူးဆိုပြီး နဂိုလ်နှုန်း ၅,၅၀၀ နဲ့ပဲ သူတို့အသိနဲ့သူတို့ ဆွဲနေတယ်၊ ကားအုံနာတွေ၊ ကားဂိတ်တွေရဲ့ အသိပေါ့နော့်၊ ထူးထူးခြားခြားပေါ့” ဟု အဆိုပါမြို့ခံက ပြောဆိုသည်။  

ယခုကဲ့သို့ ဖိအားပေးဖြေရှင်းခြင်းသည် ရေရှည်တွင် အလုပ်မဖြစ်ဘဲ အဓိကမှာ လောင်စာဆီနှင့် အတူ တက်လာသည့် ကုန်ဈေးနှုန်းကို အာဏာပိုင်အစိုးရက ဖြေရှင်းပေးမှသာ ပြည်သူများ အတွက် ပြေလည်နိုင်မည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org