|
ပုသိမ်တွင်
တကိုယ်တော်ဆန္ဒပြမှုဖြစ်ပေါ် ရဲသတင်းအထူးတပ်ဖွဲ့က ဖမ်းဆီး
ဗထူး။
သြဂုတ် ၂၄၊ ၂၀၀၇
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ယနေနံနက်က လောင်စာဆီနှင့်
ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကန့်ကွက်သည့် တကိုယ်တော်ဆန္ဒပြပွဲတခု
ပြုလုပ်သွားခဲ့သည်။
ယနေ့နံနက်
(၇) နာရီခွဲတွင် ကိုအေးဝင်းဆိုသူက ပုသိမ်မြို့၊ ရပ်ကွက် (၃)
မြို့သစ်ဈေး ရှေ့မှ စတင်ကာ ပိုစကာကိုင်၍
လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကို ကန့်ကွက်သည့် ပိုစတာကိုင်ဆောင်ကာ
လမ်းလျှောက်ခဲ့ပြီး မြို့လယ် ရွှေပြည်သာဈေးအရှေ့သို့ ရောက်ချိန် နံနက်
(၈) နာရီ (၁၅) မိနစ်တွင် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသည်ဟု
မျက်မြင်သက်သေတဦးက ဆိုသည်။
“အချိန်တော့
တော်တော်ရလိုက်တယ်။ (SB)ကပဲ ဖမ်းတာပါ။ နောက်ကနေ တောက်လျှောက်
အနှောင့်အယှက်မပေးဘဲ ရဲက ဆိုင်ကယ်နဲ့လိုက်တာ။ လိုက်ပေးပြီး
မြို့ထဲရောက်တော့မှပဲ ခေါ်သွားတာ။ တော်တော်ဝေးတယ်၊
နှစ်ဖာလုံလောက်ရှိမယ်။ အဲ့လောက်ကြတော့မှပဲ ခေါ်သွား တာ၊
လက်ထိပ်တွေဘာတွေတော့ မခတ်ပါဘူး” ဟု အဆိုပါ မျက်မြင်သက်သေက ဆိုသည်။
ယခု
တကိုယ်တော်ဆန္ဒပြသူ ကိုအေးဝင်းသည် ၂၀၀၃ ခုနှစ်ကလည်း
ဒီပဲယင်းအကြမ်းဖက်မှုကို ဆန့်ကျင်ကာ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေးကို
ဆန္ဒပြတောင်းဆိုခဲ့သဖြင့် စစ်အစိုးရ၏ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသူတဦး
ဖြစ်သည်။
ရန်ကုန်မြို့တွင်ဖြစ်ပွားနေသော လောင်စာဆီဈေးနှုန်းကျဆင်းရေး
လှုပ်ရှားမှုများကို ပုသိမ်မြို့ရှိ လူထုမှ သိရှိပြီး
စိတ်အားထက်သန်နေသော်လည်း ပုသိမ်မြို့တွင် အခြားလှုပ်ရှားမှုများ မပေါ်
သေးကြောင်း ယင်းမြို့တွင် နေထိုင်သူတဦးက ဆိုသည်။
“မြို့ထဲမှာတော့ ဒီနေ့ဆန္ဒပြမှုကို ပြည်သူတွေ တော်တော်များများ သိတယ်ဗျ၊
ရပ်ကွက် (၃) က လည်း သိကြတယ်။ သူဆန္ဒပြတာကို လမ်းလျှောက်ပြီး
လိုက်ကြည့်တဲ့လူတချို့တောင် ရှိတယ်၊ ဈေးထဲကလည်း ထွက်ကြည့်ကြတာပေါ့ဗျာ”
ဟု အမှတ် (၄) ရပ်ကွက်တွင် နေသူတဦးက ဆိုသည်။
ကိုအေးဝင်းအား ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်သွားပြီး
ဆိုင်ကယ်နှင့်တင်သွားစဉ် ပိုစကာကို ကိုင်မြောက်ကာ လိုက်ပါသွားခဲ့သည်ဟု
ဆိုသည်။ |