|
ငြိမ်းချမ်းစွာ လမ်းလျှောက်သူများကို
ဖမ်းဆီး
ရိုးမ ၃။
သြဂုတ် ၂၃၊ ၂၀၀၇
ယနေ့နံနက်က
ရန်ကုန်မြို့တွင် လမ်းလျှောက်ဆန္ဒပြသူ အင်န်အယ်ဒီပါတီဝင်များကို ရဲများ၊
ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် စွမ်းအားရှင်ဆိုသူများက ဖမ်းဆီးခဲ့သည်။
တာမွေမြို့နယ်မှစတင်ကာ ပါတီရုံးချုပ်ရှိရာသို့ လမ်းလျှောက်ခဲ့သည့်
အင်န်အယ်ဒီပါတီဝင် အချို့ကို အဆိုပါအဖွဲ့များက
ရွှေဂုံတိုင်မီးပွိုင့်အလွန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
တာမွေမှ
လမ်းလျှောက်လာသော အင်န်အယ်ဒီအဖွဲ့ဝင်များကို လမ်းဘေးဝဲယာမှ ပြည်သူများက
အားပေးခဲ့ပြီး ခြောက်ထပ်ကြီးဘုရားတွင် လူအင်အား (၄၀)ကျော် ဖြစ်လာကာ
ရွှေဂုံတိုင်မီးပွိုင့် အရောက်တွင် အဆိုပါလမ်းလျှောက်သူများ (၇၀) ကျော်
ရှိလာခဲ့သည်။
“ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ အတင်းဝင်ဆွဲပါတယ်။ ပထမဦးဆုံး
လူသုံးယောက်ကိုဆွဲပြီး ဒိုင်နာကားပေါ်တင်ပြီး အတင်းမောင်းထွက်သွားတယ်။
နောက်ထပ် ဒိုင်နာတစီး ထပ်ရောက်လာ တယ်။ ထပ်ဆွဲတယ်။ အမျိုးသမီးတွေဆိုရင်
လက်တွေဆွဲတယ်။ တချို့အိမ်င်္ကျီတွေ စုတ်ပြဲသွား တာတွေလည်း ရှိတယ်။
အမျိုးသားတွေဆိုရင် ပုဆိုးကို အရင်ဆွဲတယ်။ ပုဆိုးပြန်ဝတ်တော့
အတင်းဝင်ဆွဲတာပဲ”ဟု လွတ်မြောက်လာသူ သင်္ကန်းကျွန်းမြို့နယ်မှ
အင်န်အယ်ဒီပါတီဝင် လူငယ်တဦးက ဆိုသည်။
သင်္ကန်းကျွန်းမြို့နယ်မှ ဒေါ်အောင်ဆန်းစုကြည်ပုံပါသည့် အင်္ကျီဝတ်ထားသူ
ကိုတင်မောင်ဦး ဆိုသူအား ကားပေါ်သို့ အတင်းဆွဲတင်သွားကာ
အင်္ကျီကိုဆုတ်ဖြဲပစ်သည်ကို မြင်လိုက်ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယနေ့
ဆန္ဒပြမှုအားပြည်သူများက လက်ခုတ်တီးအားပေးခြင်း၊ မုန့်၊ ရေသန့်ဘူးနှင့်
လက်ကိုင် ပုဝါများကို ပေးဝေခဲ့ရာ အာဏာပိုင်များက အမျိုးသမီးများအား
အတင်းဆွဲသည့်အချိန်တွင် ဘတ်(စ်)ကားပေါ်မှဆင်းလာသည့် ပြည်သူသုံးယောက်အား
စွမ်းအားရှင်အဖွဲ့များက လက်သီးနှင့် ထိုးကြိတ်ကာ ကားပေါ်သို့
ဆွဲခေါ်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ဗဟန်းမြို့နယ် (မယက)ဥက္ကဋ္ဌ ဦးစီးကာ ရဲ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ
အင်အား (၂၀)ခန့်က စတင်တားမြစ်ခဲ့ပြီး ယမန်နေ့ညနေမှ
ပြန်လည်လွတ်မြောက်လာသည့် ဒေါ်နော်အုံးလှနှင့် အမျိုးသမီး (၂)ဦးကို
ရိုက်နှက်ကာ ကားပေါ်ဆွဲတင်သွားခဲ့သည်။
ယမန်နေ့က
ဆန္ဒပြမှုတွင် ပြည်သူ (၂၀၀၀) ကျော် ပူးပေါင်းပါဝင်လာသောကြောင့် ယနေ့တွင်
အာဏာပိုင်များက ပိုမိုကြောက်လန့်လာပြီး ယခုကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း
ပြုလုပ်လာခဲ့ သည်ဟု လွတ်မြောက်လာသူ အင်န်အယ်ဒီအဖွဲ့ဝင် အမျိုးသမီးက
ဆိုသည်။
စစ်အစိုးရက
တိုင်းပြည်ကို နိုင်နင်းအောင်ထိန်းနိုင်ပါသည်ဟုပြောနေပြီး လက်တွေ့တွင်
အမျိုးသမီးတယောက်အနေဖြင့် ပြောရလျှင် အမိမဲ့သလိုခံစားရကြောင်း၊
မိမိတို့အား ကာကွယ် စောင့်ရှောက်ပေးမည့် ရှေ့ရေးနောင်ရေး
ကောင်းကျိုးကို လိုလားကာ တာဝန်ယူပေးမည့် လူစားမျိုးမဟုတ်တော့ဘဲ
အစိုးရလို့လည်း စိတ်ထဲမှာမမြင်တော့ဘူးဟု ဆိုသည်။
လူမိုက်ဂိုဏ်း၊ မာဖီးယားဂိုဏ်းခေါင်းဆောင်များလို သူတို့အလိုမကျလျှင်
ထင်ရာလုပ်ဝံ့သလို လက်ထဲတွင်ရှိသော အာဏာ၊ အုပ်စုနှင့်
လက်နက်ခဲယမ်းများဖြင့် အပြီးသတ်ဖြိုရန် ကြံစည်နေ သည်သာဖြစ်သည်ဟု
ဆိုသည်။
သူမက
“လုပ်ချင်သလို လုပ်ပစ်လိုက်လို့ရတယ်ဆိုပြီးတော့ ယောက်ျားကြီးတန်မဲ့
မိန်းတယောက် ပေါ့၊ မိန်းမတယောက်ကို မျက်နှာချင်းဆိုင် ပိုးစိုးပက်စက်
လက်ရောခြေရော ပါးစပ်ကော အကြောက်အလန့်ကင်းကင်းနဲ့ကို စိတ်ရှိတိုင်း
လူမြင်ကွင်းမှာ မိုက်ရိုင်းနေတာကို ကျနော် ခံစားရတာလေ ဟို လူ့ဘဝဟာ
ဒီလောက်တောင်ပဲ ဗမာပြည်မှာနေရတာ အောက်ကျသလားလို့ ကျနော် အဲ့လိုတောင်
တွေးမိတယ်”ဟု ဆိုသည်။
ယနေ့ ရန်ကုန်မြို့နယ်အတွင်း စံပြဈေး၊
ဒဂုံမြို့သစ်တောင်ပိုင်းတို့တွင်လည်း ဖြစ်ပွားခဲ့ပြီး မြို့နယ်
(မယက)များ ဦးစီးကာ ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် အရပ်ဝတ်ရဲများက
အကြမ်းဖက် ဖမ်းဆီး ခဲ့ရာ ဒဂုံမြို့သစ်တောင်ပိုင်းတွင်လည်း
အင်န်အယ်ဒီပါတီဝင် (၃)ဦး အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။
အသံဖိုင်ရယူလိုပါက -
အမျိုးသမီးအသံ |