Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူထု (၂၀၀၀) ပါဝင်သည့် ဆန္ဒပြပွဲ ရန်ကုန်တွင်ဖြစ်ပွား

ဗထူး။ သြဂုတ် ၂၂၊ ၂၀၀၇

ယနေ့နံနက်တွင် ရန်ကုန်မြို့၊ အင်းစိန်လမ်းမပေါ်တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားဆန္ဒပြမှုတွင် ပြည်သူလူထုအင်အား (၂၀၀၀) ခန့်ကလည်း ပူးပေါင်းဆန္ဒပြခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ အင်န်အယ်ဒီပါတီဝင်များနှင့် တက္ကသိုလ် ကျောင်းသားများက အေးချမ်းစွာ လမ်းလျှောက်ဆန္ဒပြစဉ် လမ်းဘေးမှ ပြည်သူများ ပူးပေါင်း ပါဝင်လာခြင်းဖြစ်သည်။ 

အင်းစိန်လမ်းမကြီးအတိုင်း လူ (၂၀၀)ခန့်ဖြင့် လမ်းလျှောက်ခဲ့ရာ ပြည်သူ (၃၀၀)ခန့် ပါဝင်လာ ခဲ့ပြီး ပါရမီမီးပွိုင့်အရောက်တွင် ပါဝင်လာသည့် လူထုအင်အားမှာ (၂၀၀၀) ကျော်ခန့် ဖြစ်လာခဲ့ သည်။ 

“ကျနော်တို့က လမ်းခလယ်က တုံးလေးတွေပေါ်က လောင်စာဈေးတွေတက်လို့ ကုန်ဈေးနှုန်း တွေ တက်တယ်။ ကုန်ဈေးနှုန်းတွေတက်တဲ့အတွက် အစကတည်းက ဆင်းရဲတဲ့ လူထုမှာ ဘယ်လိုဒဏ်ခံရတယ်၊ အကြပ်အတည်းများနေတဲ့ လူထုဟာ ကုန်ဈေးနှုန်းတက်သွားတဲ့အတွက် ထပ်ပြီး ဒုက္ခရောက်တယ်။ ဒါကြောင့်မို့လို့ လောင်စာဆီဈေးတက်တာကို ကန့်ကွက်တယ် ဆိုလို့ရှိရင် လက်ခုတ်တီးကြပါဆိုတော့ အားလုံးလက်ခုတ်တီးကြတယ်” ဟု အင်န်အယ်ဒီအဖွဲ့ဝင် ကိုသန်းနိုင်က ဆိုသည်။  

ဆန္ဒပြအပြီးတွင် ကားစီးရန် ဘာတာမှတ်တိုင်တွင် ကားစောင့်နေစဉ် စွမ်းအားရှင်နှင့် ကြံ့ဖွံ့ အဖွဲ့ဝင်များက အင်န်အယ်ဒီအဖွဲ့ဝင်များကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ ပြည်သူများမှ ၀ိုင်းဝန်းအော်ခဲ့ သည်အတွက် ပြင်းပြင်းထန်ထန် မဖြစ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ကံ့ဖွံ့အဖွဲ့ဝင်များတွင် ဒုတ်၊ ဓါးများ ကိုင်ဆောင်ထားခြင်းမရှိသော်လည်း အဆွဲခံရသူများမှာ ပွန်းရှဒဏ်ရာများ ရခဲ့ကြသည်။ 

 “ကြံ့ဖွံ့တွေက ငါတို့မြို့နယ်ထဲမှာ မင်းတို့လာပြီး လူပါးမဝနဲ့ ပြောတဲ့အချိန်မှာ ကျနော်တို့ ဘက်က ပါလာတဲ့ တကယ့်ဒေသခံတွေက ပြန်အော်ကြတာ။ မင်းတို့ ဘယ်ကလဲ၊ ငါတို့ မြို့နယ်က မဟုတ်ဘူး၊ အဲ့လို ၀ိုင်းပြန်အော်တဲ့အခါကျတော့ ထင်ရာမလုပ်နိုင်ဘူးပေါ့၊  ရိုက်တာနှက်တာတော့ မရှိဘူး၊ ဝင်ဆွဲတဲ့အချိန်မှာ သူတို့လက်တွေမှာ သံလက်သဲလိုဟာမျိုးတွေ တပ်ထားပုံရတယ်။ လူထုရဲ့အကာအကွယ်ကို ကျနော်တို့ရခဲ့တဲ့အတွက် ဒဏ်ရာအနာတရ ပြင်းပြင်းထန်ထန် မဖြစ်ခဲ့ကြပါဘူး” ဟု ၎င်းကိုယ်တိုင်ဒဏ်ရာရခဲ့သည့် ကိုသန်းနိုင်က ဆိုသည်။

အဆိုပါဆန္ဒပြနေစဉ် လမ်းညာဘက်မှ ဒေါ်နော်အုံးလှ၊ ဒေါ်ထက်ထက်အိုးဝေ၊ ဒေါ်စန်းစန်းဝင်း၊  ဒေါ်တင်ရီတို့အပါအဝင် (၇)ဦးကို   အမှတ် (၉၆) ဒိုင်နာလိုင်းကား (၃)စီးဖြင့်စောင့်နေသည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင် အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယနေ့တွင် ရန်ကုန်မြို့နေရာအနှံ့နှင့် ပြည်မြို့တို့တွင်လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး သင်္ကန်း ကျွန်းမြို့နယ် အင်န်အယ်ဒီအဖွဲ့ဝင်များက ရုံးချုပ်သို့ လမ်းလျှောက်ခဲ့ရာ ကြံ့ဖွံ့နှင့် စွမ်းအားရှင် များက ရိုက်ပုတ်သတ်ဖြတ်မည်ဟု လိုက်လံခြိမ်းခြောက်ခဲ့သည်။
 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org