|
ဒေါ်နော်အုံးလှတို့ ပြန်လည်လွတ်မြောက်လာ ရန်ကုန်မြို့တွင် ယမန်နေ့ညများထက် တိတ်ဆိတ်နေ
ဗထူး။
သြဂုတ် ၂၂၊ ၂၀၀၇

ယနေ့နံနက်က
အေးချမ်းစွာ ဆန္ဒပြချီတက်လှုပ်ရှားမှု ပြုလုပ်ခဲ့သည့်
ဒေါ်နော်အုံးလှအပါအ၀င်(၈)ဦးကို စစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်သည်။
ပြည်သူလူထု
(၂၀၀၀)ခန့် ပူးပေါင်းပါဝင်လာခဲ့သည့် လောင်စာဆီနှင့်
ကုန်ဈေးနှုန်းကျဆင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူ ဒေါ်နော်အုံးလှနှင့်
အင်န်အယ်ဒီပါတီဝင် (၇)ဦးနှင့် ပြည်သူတဦးကို ကြံ့ဖွံ့အဖွဲ့ဝင်များက
ဖမ်းဆီးသွားရာမှ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
“ဒီည (၇)
နာရီလောက်မှာ ပြန်လွတ်လာတာပါ။ အားလုံး (၈)ယောက်ပါ။ သူတို့ကို သမိုင်း
လမ်းဆုံ ပါရမီထိပ်ကနေ ခေါ်သွားတာ၊ မှော်ဘီက တပ်ရင်းတရင်းမှာ ထားတာလေ၊
သူတို့ကို ခံဝန်ကတိလက်မှတ် ထိုးခိုင်းတယ်။ အားလုံး (၈)ယောက်မှာ
ကျန်တဲ့ပြည်သူထဲက တယောက်ပဲ ထိုးတယ်။ အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီ။
စစ်ဆေးမေးမြန်းတာတော့ မရှိပါဘူး၊ နောက်နောင် ဒီလိုမလုပ်ပါဘူးဆိုတဲ့
ခံဝန်ကတိလက်မှတ် ထိုးခိုင်းတာ” ဟု အမည်မဖော်လိုသူတဦးက ဆိုသည်။
ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည့် အင်န်အယ်ဒီပါတီဝင်များ၊ ၈၈ မျိုးဆက်
ကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများ၏ အေးချမ်းစွာ
လမ်းလျှေက်ဆန္ဒပြမှုများတွင် ပြည်သူများ ပါဝင် လှုပ်ရှားခဲ့သည့် သတင်းများ
ပြန့်နှံ့ကာ ကျောင်းသားမိဘများက မိမိတို့သားသမီးများကို ကျောင်းမှ
ပြန်လည်ခေါ်ယူခဲ့ကြသည်။
“ကျောင်းသားမိဘတွေကလည်း ကျောင်းတွေကို သွားပြီး ကလေးတွေကို
သွားခေါ်တာတွေ ရှိတယ်လေ။ ကျောင်းသားမိဘတွေက ဒီလိုလေ၊ ဒီလိုဖြစ်လာတော့
ကိုယ့်ကလေးကို ကိုယ်သွားကြိုတာပေါ့၊ ကျောင်းချိန်မပြီးခင်
သွားကြိုတာတွေ ဖြစ်လာတယ်။ စိုးရိမ်တဲ့သဘော မှာ ဖြစ်လာတာ၊ ဒီညလည်း
လူကတော့ ရှင်းနေတယ်ဗျ” ဟု ရန်ကုန်မြို့နေသူတဦးက ဆိုသည်။ 
ယနေ့ည
(၈)နာရီကျော်မှစ၍ ရန်ကုန်မြို့တွင် လူအသွားအလာ နည်းပါးပြီး
အပြင်ထွက်သူများ ကလည်း မဖြစ်မနေ အရေးကြီးကိစ္စရှိမှသာ
ထွက်သည့်သူများရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှု များအား
ဘတ်(စ်)ကားပေါ်မှ ပြည်သူများကလည်း လက်ပြဝှေ့ယမ်း၍ အားပေးနေမှုများလည်း
ရှိခဲ့ သည်ဟု အမည်မဖော်လိုသည့် ဝန်ထမ်းတဦးက ဆိုသည်။
သူက
“လူတွေကလည်း စိတ်ဝင်စားလာတဲ့လူတွေ များတယ်။ ကျနော်တို့ဆ်ီက ဝန်ထမ်းတွေ
တောင်မှ တော်တော်များများက ဒီသတင်းကိုပေါ့ဗျာ၊ အလုပ်မလုပ်တော့ဘူး။
အဲ့ဒါတွေပဲ ပြောနေတယ်၊ အဲ့ဒီအဆင့်ထိ ဖြစ်လာတယ်” ဟု ဆိုသည်။
ယနေ့
ပြည်မြို့တွင်လည်း နံနက် (၈) နာရီမှစတင်ကာ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှ
မန္တလေး အဝေး ပြေးလမ်းရှိရာ တာဆုံအရပ်သို့ ခရီးအား ရဟန်း (၂)ပါးအပါအ၀င်
ကျောင်းသားများနှင့် အင်အား (၁၅)ဦးခန့်က အေးချမ်းစွာ ချီတက်ဆန္ဒပြမှု
ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်များက တစုံတရာ နှောင့်ယှက်ဟန့်တားမှုများမရှိဘဲ
နေ့လည် (၁) နာရီလောက်တွင် ပြီးဆုံးသွားခဲ့သည်ဟုဆိုသည်။ |