|
(၈)လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့
နယ်စပ်အတိုက်အခံများ စုပေါင်းကျင်းပ

ရိုးမ ၃။
သြဂုတ် ၈၊ ၂၀၀၇
ယနေ့ကျရောက်သည့် (၁၉)နှစ်မြောက် (၈)လေးလုံးအရေးတော်ပုံ
နှစ်ပတ်လည်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက်
အတိုက်အခံများစုပေါင်းကာ ကျင်းပခဲ့သည်။
၁၉၈၈
ခုနှစ်က တပါတီအာဏာရှင်စနစ်အား ဖြုတ်ချနိုင်ခဲ့သည့် လူထုအုံကြွမှုကြီးအား
ဂုဏ်ပြု သောအားဖြင့် အဆိုပါအခမ်းအနားကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။
မြန်မာ့ဆိုရှယ်ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြုတ်ကျခဲ့ပြီးနောက် ယခုလက်ရှိ
အာဏာရစစ်တပ်သည် ထိုစဉ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ရက်စက်စွာ
ပစ်ခတ်ခဲ့သဖြင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ ထောင်နှင့်ချီကာ
သေဆုံးခဲ့ရသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးက
ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီး နအဖစစ်အစိုးရ ကျင်းပနေသည့်
ဖွဲ့စည်းပုံရေးဆွဲရေးညီလာခံသည် စစ်အာဏာရှင်စနစ် တည်မြဲရေးကိုသာ
ဖော်ဆောင်ရန် ပြည်သူ့ဆန္ဒမပါပဲ တဖက်သတ်ရေးဆွဲ နေခြင်းကြောင့်
ပြည်သူတရပ်လုံးအနေဖြင့် (၈)လေးလုံးစိတ်ဓါတ်ကို ကိုင်စွဲကာ စစ်အာဏာရှင်
ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန် တိုက်တွန်းခဲ့သည်။
အဆိုပါအခမ်းအနားများကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းအပါအ၀င်
စာသင် ကျောင်းအသီးသီးတွင်လည်း ကျင်းပခဲ့ရာ အဖွဲ့အစည်းအသီးသီးမှ
အဖွဲ့ဝင်များ၊ ကျောင်းသူ/ ကျောင်းသားများ၊ ထိုင်း-မြန်မာနယ်စပ်ရောက်
အလုပ်သမားများနှင့် ပြည်သူများ တက်ရောက်ခဲ့ ကြသည်။ |