|
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့)များက အာဏာကို အလွဲသုံးစားပြုလုပ်ကာ
ဥပဒေမဲ့ အရက်ပုန်းဆိုင်များ ဖွင့်လှစ် ရောင်းချလျှက်ရှိသည်။
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူရထားရပ်ကွက်
ကြံ့ဖွံ့တွဲဘက်စည်းရုံးရေးမှူးက ရပ်ကွက်အတွင်းတွင်
အာဏာကိုအသုံးချကာ လိုင်စင်မဲ့ အရက်ပုန်းဆိုင်များ ဖွင့်လှစ်ခဲ့ခြင်း
ဖြစ်သည်။
အဆိုပါ
အရက်ပုန်းဆိုင်များ ဖွင့်လှစ်ခဲ့သည့်အတွက် ရထားရပ်ကွက်အတွင်း
မူးယစ်သောက်စား ကာ ခိုက်ရန်ဖြစ်ပွားမှုများ ဆိုးဝါးလာသည့်အတွက်
ရပ်ကွက်နေပြည်သူများက မြို့နယ်မယကရုံး ကို တိုင်ကြားခဲ့သည်။
“အဲ့ဒီ
ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးစိန်ဝင်းက ရှယ်ဝိုင်းလို့ နာမည်ပေးထားတဲ့
အရက်ပုန်းဆိုင် ထောင်ထားတယ်။ ရပ်ကွက်ထဲမှာ မူးပြီးရမ်းတာ၊
ရန်ဖြစ်တာတွေများလာလို့ လူ(၁၂)ယောက် လက်မှတ်ထိုးပြီး မယကကို မတ်လထဲက
တိုင်ထားတာ ခုထိ ဘာမှအရေးယူတာမရှိဘူး”ဟု တိုင်ကြားခဲ့သူတဦးက ဆိုသည်။
“ရှယ်ဝိုင်း”အမည်ရှိ အရက်ဆိုင်တွင် လိုင်စင်ဖြင့် ခွင့်ပြုချက်ရထားသော
အရက်များအပြင် လိုင်စင်မဲ့ အရက်အမျိုးအမျိုးကိုလည်း
ရောင်းချနေသည့်အတွက် မူးယစ်ရမ်းကားမှုများကြောင့် ပြည်သူများမှာ နေ့စဉ်
စိတ်ညစ်နေရသဖြင့် ခရိုင်၊ တိုင်းအဆင့်ဆင့်သို့ ဆက်လက် တိုင်ကြား
သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
သိမ်ဖြူရထားရပ်ကွက်တွင် အရက်ပုန်းဆိုင်များ ဖွင့်လှစ်ထားသည်ကို
သိရှိသော်လည်း ကြံ့ဖွံ့ စည်းရုံးရေးမှူး ဖြစ်သည့်အတွက် မြို့နယ်မယကမှ
အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ရပ်ကွက်နေ
ပြည်သူအများစုက နားလည်နေသည်။
စိတ်ဓါတ်၊
ကြံ့ခိုင်၊ စည်းကမ်း ဆိုသည့် ကြံ့ဖွံ့ အဖွဲ့ဝင်များသည်
နိုင်ငံနှင့်အ၀ှမ်း လောင်းကစား ဒိုင်များ၊
စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများထံ နည်းအမျိုးအမျိုးဖြင့်
ငွေကြေးအဓမ္မ ကောက်ခံနေခြင်းအပြင် လယ်ယာမြေသိမ်းဆည်းခြင်း၊
စပါးကောက်ခံခြင်းများကို ပြုလုပ်နေ သလို ယခုကဲ့သို့ အာဏာကို
အလွဲသုံးစားပြုလုပ်ကာ ဥပဒေမဲ့ စီးပွားရှာခြင်းများကိုလည်း
ပြုလုပ်လျှက်ရှိသည်။ |