|
အရက်မူးရမ်းကားသည်ဟု စွပ်စွဲကာ စစ်အစိုးရဖွဲ့စည်းထားသည့်
စွမ်းအားရှင်အဖွဲ့က အသက် (၁၇)နှစ်အရွယ် လူငယ်တဦးကို
ဝိုင်းဝန်းရိုက်နှက်ခဲ့သည်။
ပဲခူးတိုင်း၊ ပြည်မြို့၊ ရပ်ဘဲနယ်မြေ၊ စည်တော်မင်္ဂလာရပ်ကွက်၊
ဘုရင့်နောင်လမ်းတွင် ပြီးခဲ့ သည့် မတ်လ (၃၀)ရက်နေ့က
မောင်အောင်ကြီးဆိုသူ လူငယ်အား ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်
ခဲ့ခြင်းဖြစ်သည်။
စွမ်းအားရှင်အဖွဲ့ ရိုက်နှက်ခံခဲ့ရသည့် မောင်အောင်ကြီးသည်
အဆိုပါနေ့တွင် ထောင်သို့ အပို့ခံ ရပြီး ယခုလ (၃)ရက်နေ့တွင်
ပြန်လည်လွတ်မြောက်လာခဲ့သည်။
“မျက်နှာတွေလည်း ဖူးယောင်နေတာပဲ၊ စွမ်းအားရှင်အဖွဲ့ဆိုတာ
ပေါက်လွှတ်ပဲစားအဖွဲ့ မဟုတ် ဘူးကွ၊ နိုင်ငံတော်က အသိအမှတ်ပြုပြီး
ဖွဲ့ပေးထားတာ၊ လူသတ်လို့တောင်ရတယ်လို့ ပြောပြီးကို ရိုက်တာပဲ”ဟု
မျက်မြင်သက်သေတဦးက ပြောသည်။
အဆိုပါလုပ်ရပ်ကို နောက်မှညွှန်ကြားခဲ့သူမှာ ရပ်ဘဲနယ်မြေ
ကြံ့ဖွံ့စည်းရုံးရေးမှူး ဦးကျော်လွင် ဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး
ကျော်ထွတ်အား အကြောင်းကြားကာ မောင်အောင်ကြီးကို ထောင်ထဲ သို့
ပို့ဆောင်ခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆို သည်။
မကြာသေးမီက
ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားချက်ဖြင့် ရပ်ကွက်အလိုက်
စွမ်းအားရှင်အဖွဲ့ များကို ထပ်မံအင်အားဖြည့်ဖွဲ့စည်းခဲ့ပြီး
နိုင်ငံရေးလှုပ်ရှားသူများကို နှိမ်နှင်းရန် သင်တန်းပေးမှု များကို
စစ်အစိုးရက ပြုလုပ်ခဲ့သည်။
ယခုရိုက်နှက်ခံရသူ မောင်အောင်ကြီးမှာ နိုင်ငံရေးလှုပ်ရှားသူတဦးမဟုတ်ပဲ
သာမန်လူငယ် တဦးသာ ဖြစ်သည်။
“ဘုန်းကြီးကျောင်းကို
ခဲနဲ့ထုတယ်၊ အနားက အကြော်တဲတွေကို ဖျက်တယ်ဆိုပြီးတော့ သက်သက်မဲ့
စွပ်စွဲပြီး ရိုက်တာ၊ ဒီလူငယ်က ဘာမှလုပ်တာမဟုတ်ဘူး၊ သူတို့က အတင်း
ထိုးကြိတ်လို့သာ အကြော်တဲတွေ လဲကုန်တာ၊ ၀င်သာမဆွဲရင် ဘယ်လောက်ထိ
ရိုက်ကြမယ် ဆိုတာ မသိဘူး”ဟု အခင်းဖြစ်ပွားစဉ်
ဝင်ရောက်တားမြစ်ခဲ့သူတဦးက ဆိုသည်။
စစ်အစိုးရအနေဖြင့် စွမ်းအားရှင်၊ ကြံ့ဖွံ့၊ အမျိုးသမီးရေးရာ၊ မီးသတ်
စသည်ဖြင့် အဖွဲ့အစည်း များကို ဖွဲ့စည်းထားသော်လည်း အဆိုပါအဖွဲ့များသည်
နည်းမျိုးစုံသုံး၍ ငွေကောက်ခံခြင်း၊ အာဏာကို အလွဲသုံးစားပြုလုပ်ကာ
ပြည်သူများအပေါ် အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း များကို
ပြုလုပ်လျှက်ရှိရာ ရဲနှင့် အဆိုပါအဖွဲ့များမှ မတရားသဖြင့်
ဖမ်းဆီးထောင်ချခံရ၍ ထောင်တွင်းနှင့် ရဲစခန်းများအတွင်း သေဆုံးမှုများ
ပိုမိုများပြားလာခဲ့သည်။
ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မောင်အောင်ကြီးအား မတရားသဖြင့်
ရိုက်နှက်ခဲ့ခြင်းကို အထက် အာဏာပိုင်များအဆင့်ဆင့်သို့ တိုင်ကြားရန်
၎င်း၏မိသားစုက ပြင်ဆင်နေသည်ဟု ဆိုသည်။ |